စျေးတွက်!

” ကိုယ် ထမင်းစားနေတဲ့ အလုပ်ကို စိတ်ဝင်စားမှပေါ့အေ ။ အခုတော့ ညည်းဟာက စပ်စလူးထဖို့ ငါ့ဆီ လာကူနေသလိုဘဲ “

အခွံနှင့် အရိုး တခြားစီ ဖြစ်သွားသော ငါးဖယ်ရိုးကို ဂုံးခွံဇောင်း ဖြင့် တဂျိဂျိ ခြစ်ရင်း မနှင်းလှိုင် ဗြစ်တောက် ရေရွတ်လိုက်သည် ။ သူမကသာ အမြှုတ်ထွက်မတတ်ပြောနေပေမယ့် အိမ်က ကျွဲပါးစောင်းတီးမက လှည့်ပင်မကြည့် ။ မအေဖြစ်သူကို မကြည့်၍ စျေးဗန်းကို အာရုံစိုက်နေလားဆိုတော့လည်း မဟုတ် ။ငူငူငိုင်ငိုင် ရှိလှသည် ။ သူမ သမီးဖြစ်သူဆီ ခြစ်ပြီးသား ငါးဖယ်အရေခွံဖြင့် လှမ်းပေါက်လိုက်ရင်း

“ဟဲ့ … ငါပြောနေတာကြားလား ၊ သောက်ဂရုမစိုက်တာလား ကောင်မ ။ ငါ နားရင်းထရိုက်လိုက်ရ သေတော့မယ် ..နင်ကတော့ ။ မြမြမူနော် …သတိကြပ်ကြပ်ထားနေ ။နင်ဘယ်ခြေလှမ်း လှမ်းနေတယ်ဆိုတာ ငါသိတယ် ..။ လူတွေကလည်း တန်ရာတန်ရာ မမှန်းဘူး ။အနူလက်နဲ့ ရွှေခွက်က နှိုက်ခြင်သေးတယ် ။ အကုန်ပါးကွဲ ကုန်မယ် ..ငါ့ ဘာမှတ်နေတုန်း “

သူမ အသံ ကျယ်လောင် ကျယ်လောင်ကြောင့် မျက်စောင်းထိုး ငါးခြောက်ဆိုင်က ကျော်ကျော် မသိမသာ ခေါင်းငုံ့သွားသည် ။ မနှင်းလှိုင် နှုတ်ခမ်းကို တတောင်လောက် မဲ့ရွဲ့လိုက်သည် ။ သိတာပေါ့ ။ နှင်းလှိုင်ဆိုတာ ဒီရပ်ကွက် ပျံကျစျေး စတည်ကာစကတည်းက စျေးရောင်းလာတာ ။ ချက်ဆို နားခွက်က မီးတောက်ပြီးသား ။

” ဘွဲ့လေးတစ်လုံးရပြီး အလုပ်နဲ့အကိုင်နဲ့ ဖြစ်မယ်မကြံသေးဘူး ။နန့်ကြောကထနေပြီ ။ ကိုယ့်အိမ်က ဟာမက တည်ကြက်လုပ်နေတော့ အကောင်တွေက ခြေချင်းလိမ်ပြီပေါ့ ၊ အကောင်းမှတ်မနေနဲ့နော် ..မိမြမူ ..၊ဟွန်း “

” အမေ အိမ်ရောက်မှပြောလို့မရဘူးလား ။ အလုပ်ပိတ်ရက်မို့ ကိုယ့်အမေနားပါစေရယ်ဆိုပြီးလာကူလုပ်ပေးမိတာ ငါးပါးမှောက်တာပဲ ။ ရှက်ဖို့ကောင်းလိုက်တာ “

“ရှက်ရင် ညည်းကျုပ်အိမ်မနေနဲ့ ။ညည်းကိုရွှေပေါ်မြတင်ထားမယ့်အိမ် သွားနေ ချေ”

မြမူ ဆက်မပြောရဲတော့ ။ စျေးဝယ်သူတချို့က စူးစူးစမ်းစမ်းကြည့်ကြတာမို့ သူမရှက်လှသည် ။ တကယ်တော့ အမေ သူတို့ကို ချစ်မှန်းသိသည် ။ စျေးသယ်မို့ စကားပြောကြမ်းတာလည်းသိပေမယ့် မြမူလည်း ပျံတန်တန် နန့်တန့်တန့်အစားထဲက မဟုတ် ။ ကိုကျော်လည်း ဟော့ဟော့ရမ်းရမ်းထဲကမဟုတ် ။ အမေကတော့ သူ့မျက်စိထဲ ဘယ်ဆိုနေနေ အပြစ်ပြောကိုပြောမည့်အစားထဲကပင် ။

” ပုစွန် ဘယ်စျေးလည်း မနှင်းလှိုင် “

“ဟယ် ။ အမတို့များ ကိုယ့်ညီမကို ပစ်ထားတာကြာပေါ့ .. ပုစွန်က အစိတ်သား သုံးထောင် အမ ။ လတ်လိုက်တာမှ ကော့ပြန်နေတာဘဲ …ယူလေ အမ “

ဆိုင်ရှေ့မှာ လက်ကောက်တစ်တောင်လောက် ဝတ်ထားသော စတိုးဆိုင်ပိုင်ရှင် မိန်းမကို မြင်တော့ မနှင်းလှိုင်ချက်ချင်း လေသံပြောင်းသွားသည် ။ မပြောင်းလို့ မဖြစ် ။ ဒီ မိန်းမက လက်ကဖွာသလို စျေးဝယ်ရင် မစီးပိုး ။ ချမ်းသာလိုက်တာလည်းပြောမနေနဲ့ ။ အိမ်တွေခြံတွေဆိုတာလက်ညိုးထိုးမလွဲ ။

“ငါးဆယ်သား ချိန်လိုက် မနှင်းလှိုင် ..”

မနှင်းလှိုင် ဗန်းထဲက ပုစွန်တွေကို အပေါ်ယံကနေ ကျော့ပြီး ဆွဲယူကာ ချိန်လိုက်သည် ။ ဘာယူဦးမလည်း အမ လို့ လောကွတ်ချော်သော်လည်း တစ်ဖက်က ခေါင်းခါတာကြောင့် ပုစွန်ထုတ်ကို ရှေ့ချပေးလိုက်သည် ။ စျေးဝယ် မိန်းမက ချိုင်းကြားထဲက ပိုက်ဆံ တစ်သောင်းတန်ကို ထုတ်ပေးရင်း ပုစွန်ထုတ်ကို လှမ်းယူပြီး သူမနောက်က ဆွဲခြင်းဆွဲထားသည့် ကောင်လေးကို လှမ်းပေးရင်းက

“ဒါ သားအငယ်လေ .. မနှင်းလှိုင် ။ ဆယ်တန်းအောင်ပြီး ရန်ကုန်မှာ ကျောင်းတက်နေတာ ။ ကျောင်းပိတ်တာနဲ့ ဒီပြန်လာနေတုန်း စျေးခြင်းဆွဲဖို့ခေါ်လာတာ “

“သားက လူချောတော့ ။ အဖေချော အမေချောကိုး “

မနှင်းလှိုင် တဟင်းဟင်း ရီသည် ။ စကတည်းက ရီစရာမပါသော စကားကို ဟန်လုပ်ကာ ရီရသောကြောင့် သူမရီသံက အသက်မပါဘဲ ရှိလှသည် ။ကောင်လေးက သူမတို့စကားပြောနေတာကို စိတ်မဝင်စား ။ မြမူကို ခပ်ငေးငေး ကြည့်နေသည် ။ မြမူကတော့ ဆူခံထားရသောကြောင့် မျက်နှာကို စူပုတ်ကာ ခေါင်းဖြတ်ထားသော ရွေငါးတွေကို ဗန်းထဲသို့ ဆောင့်အောင့် ခင်းရင်း သူမတို့ဖက်ကို လှည့်ပင်မကြည့် ။ မနက်က စျေးကြိုနောက်ကျလို့ သူများရွေးကျ ရထားသော ရွှေငါးတွေက ကိုယ်ထည်သာ တင်းနေပေမယ့် ဗိုက်ကပျော့နေပြီ ။ ဒါကြောင့်ရောက်ရောက်ချင်း မြမူကို ခေါင်းဖြတ် ဗိုက်လှီးကာ တပုံ ငါးရာတန်ဗန်းတွေထဲထည့်ပြီး ဆိုင်ရှေ့မှာ ထိုင်ရောင်းခိုင်းထားခြင်းဖြစ်သည် ။ မနှင်းလှိုင် မြမူလုပ်ပုံကို အသည်းတွေယားကာ ဖနောင့်နှင့်ထပေါက်ချင်သော်လည်း အသံချိုလေးဖြင့်

“သမီးရေ ၊ ငါးတွေ ဖြည်းဖြည်းကိုင်ကွဲ့ … အကုန် ပစ်ရကုန်မယ် “ ဟုပြောလိုက်ပြီး သူမဖာသာ တဟင်းဟင်း ရီလိုက်ပြန်သည် ။

                                             @@

” သူတို့ ပြောင်းကာစက ဒီလောက်မချမ်းသာဘူး ၊သူ့ယောကျင်္ားက အလုပ်အရမ်းလုပ်တာ ။ အခုတော့ အိမ်တွေလည်းဝယ်ထားလိုက်တာ ။တလ တလ အိမ်ဌားခရတာတင် မနည်းမနောဘဲ ၊ ဟဲ့ …ထည့်စားလေ ။ နင်လည်း ကျပ်ကျပ်သတိထားနော် ..အာကာ ။ အဆော့မက်တာ ကမ်းကုန်နေပြီ ။ လူတကိုယ်လုံးနေစော်နံနေတာဘဲ … “

မနှင်းလှိုင် ပါးစပ်ကလည်းပြော လက်ကလည်း သားငယ်ဖြစ်သူ မြတ်မင်းရဲ့ ပန်းကန်ထဲကို ငါးတကောင်ထပ်ထည့်ပေးရင်း ဟင်းအဆီနဲ့ထမင်းကို သမအောင် နယ်ဖတ်ပေးလိုက်သည် ။

” ထမင်းစားရတာလည်း အာရုံကို မရဘူး ။ဘာတွေပွစိပွစိပြောနေမှန်းကို မသိတာ ။ သူများကိုပြောမနေနဲ့ နှင်းလှိုင် ။ ညည်းသာ ပါးစပ်ပိတ်ပြီး ထမင်းများများစား “

အမေက စိတ်ညစ်သလို ထမင်းပန်းကန်ကိုင်ပြီးထထွက်သွားသည် ။ မနှင်းလှိုင် ကလေးနှစ်ယောက်ကို မျက်စောင်းထိုးရင်း မရ ရအောင် ကြိမ်းလိုက်သေးသည် ။

“နင့်တို့ ကို ပြောရလို့ ငါ့မှာ လူဆိုးဖြစ်ရတယ် ။မြင်လား ။သတိကျပ်ကျပ်ထားနေကျ “

“သမီး ကဘာလုပ်နေလို့လည်း အဲ့အကောင် သမီးကို ရိသဲ့သဲ့လုပ်နေလို့ အမေ့ကိုတိုင်နေတာ မဟုတ်ဘူးလား”

” ဟဲ့ ..။ သူက နူနေလို့လား ၊ မိဘကချမ်းသာလိုက်သမှ ကျိကျိတက်နေတာ ။အဲ့လိုလူမျိုးက နင့်ကိုလာကြိုက်တာ နင်တောင်ဂုဏ်ရှိသေးတယ် ။နင် ဆိုင်ရှေ့ ငါးခြောက်ဆိုင်က ကျော်ကျော် နဲ့ ကြိုက်နေတယ် မဟုတ်လား ၊ နင် ဦးဏှောက်မရှိဘူးလား မြမူ ။ ဟင် ….။ ဘွဲ့လေးရပြီး အလုပ်အကိုင်လေးရှိတာက လွဲရင် ဘာကျောထောက်နောက်ခံရှိလို့တုန်း ။သူ့အမေ ကပ်စေးနဲမ မိတင်လှက နှပ်ချီး ငပိလုပ်စားနေလို့သာ ရွှေတွဲလဲ ငွေတွဲလဲ ဖြစ်နေရတာ ။ တွေ့ကရာကောင်နဲ့ယူပြီး ဒုက္ခရောက်မှ အမေကယ်ပါ အဘကယ်ပါ လာမလုပ်နဲ့ ။ဖနောင့်နဲ့ချည်းပေါက်ချမှာ ၊ ခွေးဖြစ်ချင်နေတယ် ….”

“သူ့ဘာသူ ချမ်းသာတော့ရော ဘာလုပ်ရမှာတုန်းအမေရဲ့ ။ကိုယ်လုပ်မှ ကိုယ်ရမှာ ..၊ ပြီးတော့ အဲ့ကောင်ရုပ်က ရိုးကိုမရိုးသားဘူး “

” အမလေးဟဲ့ ။ ညည်းလူရိုးလိုချင်တာလား ။သချိုင်းမှာတောင်မရှိဘူး ကောင်မရေ …မီးသဂြိုဟ်ပစ်လို့ အကုန်ပြာဖြစ်ကုန်ပြီ…။ အမလေးဟဲ့ ..ငါ့နှယ် “

ထမင်းဝိုင်းမှာ တစ်ယောက်မှ မရှိတော့ဘဲ အလျိုလျို ထထွက်သွားကြသည် ။ မနှင်းလှိုင်က ပြောကောင်းတုန်း ။

“နှင်းလှိုင် ။ ညည်းအခု ဘယ်သူ့ကို ပြောနေတာလဲ ။ ညည်းသားနဲ့သမီးက နောက်ဖေးပေါက်က ဆင်းပြီး လမ်းထိပ် ဗီဒီယိုရုံ ရောက်နေပြီ ။ ကျုပ်လည်း နားတွေပူလှပြီ …ညည်းပါးစပ် ပိတ်ပါတော့အေ “

“အမေ ဖျက်စီးနေတာနော် ..၊ အမေ့မြေးတွေ ထိန်းမရ သိမ်းမရ ဖြစ်တော့မှာ ကျွန်မ မြင်နေလို့ပြောနေတာ “

“ဟဲ့ ..ပြောတာလည်းပြောပေါ့ ၊ ညာ်းကို မပြောဖို့တားနေလို့ လား ။ အခု ညည်းပြောနေတာ ခုနစ်သံချီ ဟစ်ပြီး ပြောနေတာ ..။ မြမူက အပျိုလေး ဖြစ်နေပြီ ။ ကိုယ့်သားသမီးလေးတွေ ချောမောသန့်ပြန်နေတာ ။ ညည်းစျေးထဲလည်းစျေးထဲမို့ အိမ်လည်းအိမ်မို့ တွေ့တဲ့နေရာ အော်ဟစ်နေတာ သူရှက်မှာပေါ့ ။ ကိုယ့်သားသမီးတွေ အိမ်နေချင်အောင် ချော့တန်ချော့ ခြောက်တန်ခြောက် ဆုံးမရတယ် နှင်းလှိုင်ရဲ့ “

” အော် ပြောမှ ရှက်မယ့်ဟာတွေ အော်ပြောရမှာပဲ ။ဒါမှ ရှက်ပြီး ဆင်ခြင်မှာ”

” ညည်းမှားတာပေါ့ .. အဲ့လို အော်ကြီးဟစ်ကျယ် ပြောမှ ညည်းသားသမီးတွေ အရွယ်မရောက်ခင် လင်ရမှာ “

” ရပါစေ ။ လင့်နောက် လိုက်သွားလည်း ဆန်တဗူးလျော့တယ် ။စိတ်ရှုပ် သက်သာတယ် “

မနှင်းလှိုင် ထမင်းပန်ကန်ကို မကာ ခြေသံတဇောင့်ဇောင့်နင်းရင်း နောက်ဖေးမီးဖိုချောင်ကို ထွက်သွားသည် ။ ဒေါ်ကလေးမ သမီးဖြစ်သူ နှင်းလှိုင်ကို ကြည့်ရင်း စိတ်ရှုပ်စွာ ခပ်တိုးတိုးရေရွတ်လိုက်သည် ။

” မိနှင်းလှိုင်နဲ့တော့ ခက်ပါတယ် “

                                           @@

” အန္တီ “

ဆိုင်ရှေ့လာရပ်သော ကောင်လေးကို ကြည့်ပြီး မနှင်းလှိုင် မျက်နှာက ပြုံးကနဲ ဖြစ်သွားသည် ။ သမီးဖြစ်သူဖက် လှည့်ရင်း ချိုသာသော အသံဖြင့် ..

“သမီးရေ ၊ ဒီမယ် နင့်အကို ဘာယူမလည်း မသိဘူး ။ မြန်မြန်ထပြီး ချိန်တွယ်ပေးလိုက်စမ်း ။အမေ ဒီမှာ ငါးဖယ်ခြစ်ငါးဆယ်သား အရေးကြီးနေလို့ “

မြမူ ဆိုင်ရှေ့မှာ ခွေးခြေပုနှင့်ထိုင်ပြီး ငါးရွေးနေရာကနေ အမေ့နား သွားကာ လိုအပ်သည်များကို လုပ်ကိုင်ပေးရသည် ။ အမေ ဘာသဘောနှင့် လုပ်မှန်းသိပေမယ့် ပြောလို့လည်းမရဲချေ ။ မတော် အသံပြဲကြီးနှင့် ဆူဆဲလိုက်ပါက ပိုအရှက်ကွဲမှာလည်း ကြောက်ရပါသည် ။ သူ့ရှေ့က သကောင့်သားကိုလည်း လိုတာထက်ပိုပြီး အရောမဝင်ရဲချေ ။ မျက်စောင်းထိုးဆိုင်ကနေ ဒေါသမျက်လုံးဖြင့်ကြည့်နေသော ကျော်ကျော့်ကိုလည်း ကြောက်ရသည်မဟုတ်လား ။ အမေကတော့ ဘယ်သူမှ ဂရုမစိုက်။ ငါးခူခေါင်းတွေကို ဓါးနောင့်ဖြင့် ဆတ်ကနဲ ဆတ်ကနဲ ထုချရင်း

“ကဲ ..လာနော် ။ လတ်သမှ ဆတ်သမှ ဘုရင့်ပွဲတော်စာ ငါးလို ဖျတ်ဖျတ်လူးနေတာဘဲ ၊ လင်စားရင် မယားပါ ချိုတယ် နော် ..” ဟု အော်ပြီး ခပ်မော့မော့ ရောင်းကာနေလေသည် ။ စျေးကွဲချိန်ရောက်တော့ စျေးတန်းအဆုံးက နေ့သွင်းဆိုင်ကို ခေါ်သွားပြီး စပန့်သားဝမ်းဆတ် ဂါဝန်နှင့် ပရိုမီနာ မိတ်ကပ်တဗူး ဝယ်ပေးရင်း သူ့ ဒသနကို နားသွင်း ပြန်လေသည် ။

“မိန်းမတွေရဲ့ ဓန ဆိုတာ အလှတရားပဲ မြမူ ။ သမီးက ဒီလိုအချိန်မှာ ခူးကာစ ရောင်းကာစ ပန်းတောင်းထဲက ပန်းလိုပဲ ၊ အလှဆုံးအရွယ် ဖြစ်နေတာ ။ အမေက စျေးသည် ဆိုပါတော့ ။ ဂေါင်ပန်း အလှဆုံးပန်းကို အမေက စျေးကောင်းကောင်း ရအောင် ရောင်းရမယ်လေ ။စျေးကွဲချိန်ရောက်မှ ကြုံရာစျေးနဲ့ အတင်းထိုးသွပ် ရောင်းရတာမျိုး အဖြစ်မခံနိုင်ဘူး ။ဒါကြောင့် သမီး ရည်းစားထားတာ အမေ အပြစ်မပြောတော့ဘူး ။ဒါပေသိ ရပ်တန်းက ရပ်ပါ မြမြမူ ။ စတိုးဆိုင်က ကောင်လေးက စျေးထဲတင်မကဘူး လမ်းထဲထိ စက်ဘီးနဲ့ လာနေတာ ဘာလည်း အမေသိတာပေါ့ ။ ကိုယ့်ဘဝကောင်းစားဖို့ ကိုယ် စဉ်းစားစမ်းပါ ငါ့သမီးရယ် ။ နှုတ်ခမ်းပဲ့ချင်း မီးမမှုတ်စမ်းပါနဲ့ ..တကယ်ဆို ..ညည်းနဲ့ အဲ့ကောင် တန်ကို မတန်ဘူး “

” အမေကလည်းနော် ။ သူများကို တအားချိုးဖဲ့ပြောတာပဲ ။ မတူမတန်ရအောင် ကိုကျော်က နူဝဲနေလို့လား “

မနှင်းလှိုင် လက်ဆစ်က မြမူခေါင်းကို ဒေါက်ကနဲ ရောက်သွားသည် ။ ရုတ်တရတ် ခေါက်ခံလိုက်ရတာကြောင့် ရှောင်ချိန်လည်းမရတာမို့ နာသွားသောခေါင်းကို ပွတ်ကာ ဝဲလာသော မျက်ရည်ကို ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း အမေလုပ်သူကို ပြူးကြောင်ကာ ကြည့်နေလေသည် ။

“နူဝဲနေလို့တော့ မဟုတ်ဘူးပေါ့ဟဲ့ ..ဆန်ပြုတ်သောက်ရတာချင်းတူတူ ပိုးချီးစော်နံနေတဲ့ ဆန်ကြမ်းဆန်ပြုတ် မသောက်စေချင်လို့ပြောနေတာ ။ ညည်းအကောင်နဲ့ စတိုးဆိုင်ကကောင်လေး ယှဉ်ကြည့်စမ်း ။ဘယ်သူသာတုန်း ညည်းနော် ..ကောင်မ ။ တခွန်းမခံ ပြန်ပက်နေတာ ၊ ငါဘီလူးဆိုင်းမတီးသေးလို့ ဟုတ်လား “

” အမေရယ် ။ သူသာတယ် ကိုယ်သာတယ် ပြောရအောင် သမီးက အမေ့စျေးဗန်းထဲက ငါးတွေလည်းမဟုတ်ဘူး ။ အမေတို့သဘောမတူလည်း တူတဲ့အထိ သမီးတို့ ကြိုးစားမယ်လို့ ကိုကျော်ကပြောတယ် ..။ သမီး တို့ ဘဝကို သမီးတို့ …”

“ဟဲ့ တော်စမ်း ။ မိဘကို နင့်လင်အကြောင်းသားအကြောင်းအရှက်မရှိလာပြောမနေနဲ့ ။ ညည်းတို့ သမီးရည်းစားချင်း ချစ်ကြည်နူး တစ်တီတူး တုန်းပြောတာတွေ သာယာမနေနဲ့ မြမူ ။ ငါလည်း ညည်းအရွယ်က ဝထ္ထုတွေဖတ် ဇာတ်ကားတွေ ကြည့်ရင်း စိတ်ကူးယဉ် နေခဲ့တာ ။ နင့်အဖေ အရက်ကလေး တမြမြ လုပ်တာကိုတောင် ငါပြင်ရင် ရမှာပဲဆိုပြီး သွေးနားထင်ရောက်နေသေးတာ ။ အခု ဘာဖြစ်လာလည်း ငါးစိမ်းသည်မဟဲ့ ..ငါးစိမ်းသည်မ ။ ကျပ်ကျပ် လင်တရူး သိလား ကောင်မ ..ငါ လမ်းလယ်ခေါင်မှာ လုပ်ထည့်လိုက်ရ အရှက်ကွဲတော့မယ် ညည်းတော့ “

အမေ့ပုံစံက တကယ်ဒေါသထွက်လာတာမို့ မြမူပါးစပ်ပိတ်ထားလိုက်ရသည် ။ ဆက်ပြောရင် တကယ် အရှက်ကွဲမည်ဆိုတာ သေချာတာကိုလည်း သူမ သိတာကြောင့်ပင် ။ စတိုးဆိုင်ပိုင်ရှင် အန်တီကြီးရဲ့ သားကလည်း မြမူကို ဖုန်းနံပါတ်လည်းတောင်း သလို နောက်ကလည်း တကောက်ကောက်လိုက်နေတာ ကြာပြီ။ မြမူ စိတ်ညစ်တာ လည်းအဲ့တခုပဲ မဟုတ် ။ ကိုကျော့်အလုပ်က နယ်ပြောင်းရမည် ။ လုပ်ပိုင်ခွင့်ရော ရာထူးပါ တိုးလာတာမို့ ကိုကျော်က သူမကိုတပါတည်းလိုက်ခဲ့ဖို့ ခေါ်သည် ။ မြမူ ချစ်သူကိုလည်းမခွဲချင် ။ တင့်တင့်တယ်တယ်လည်း တောင်းယူစေချင်တာမို့ ဗျာများ နေရသည် ။ အမေကလည်း ဒီအတိုင်းဆို သဘောတူမည်မဟုတ် ။ သူမ သက်ပြင်းတစ်ခု ချလိုက်မိသည် ။

                                  @@

” ဒီလောက် မိဘက သွန်သင်ဆုံးမနေတဲ့ကြားက လင်နောက်လိုက်ပြေးတာ သူ့ထိုက်နဲ့ သူ့ကံပဲ ။ ကျွန်မကို အမေလည်း ဘာမှ မဖြောင့်ဖျနဲ့ ။လာပြန်လည်း မအပ်နဲ့ ..။ သူ့မျက်နှာလည်းမကြည့်ချင်ဘူး “

“ဖြစ်တာက ဖြစ်သွားပြီပဲ နှင်းလှိုင်ရယ် ။ သားသမီးကို နင် မချစ်တာလည်းမဟုတ်ဘူး ။ ဘာဖြစ်လို့ အဲ့လိုတွေ ပြောဆိုနေတာလည်း “

ဒေါ်ကလေးမ စိတ်မသက်သာစွာ ပြောမိသည် ။ သမီးဖြစ်သူရဲ့ စိတ်ကို သူမ နားအလည်ဆုံးဖြစ်သည် ။သူသဘောမတူတာ တူတာထက် မြမူကို နှမြောနေတာသူမ သိသည် ။ သားသမီးကို တုန်နေအောင် ချစ်ပေမယ့် နှင်းလှိုင်တစ်ယောက် ဘယ်သောအခါမှ နူးနူးညံ့ညံ့ မပြောတတ် ။အခုလည်း အိမ်ရှေ့ ရေကပြင်မှာ ဒူးထောင်ပေါင်ကား ထိုင်ရင်း ငိုလိုက်ပြောလိုက် နှင့် အရူးပမာ ။ ကောင်လေးဘက်က ပြန်အပ်မယ်ဆိုတာကိုလည်း ဘယ်လိုမှ လက်သင့်မခံ တာကြောင့် ဒေါ်ကလေးမ ခပ်ကြိတ်ကြိတ်ဖျောင့်ဖျ ရတော့သည် ။

” မောင်ကျော်လည်း မဆိုးပါဘူးဟယ် ။ ကိုယ့်မျက်စိရှေ့တင် ကြီးလာတဲ့ကလေး ၊ အသောက်အစားလည်းမရှိဘူး ၊ ဘာကြီးမှ ညာကြီးမှ ဆိုပြီး ပြောနေရအောင် နင်နဲ့ယူတာလည်းမဟုတ်ဘူး ငါ့သမီးရယ် ။ စိတ်ကို လျော့စမ်းပါ “

“မလျှော့နိုင်ဘူး ။ အမေ့မြေးကို သမီး အိမ်ရိပ်တောင်မနင်းစေနဲ့ “

ဒေါ်ကလေးမ စိတ်ရှုပ်ထွေးစွာ ခေါင်းခါရမ်းမိတော့သည် ။ ဒီ အတိုင်းဆို ဟိုဖက်ကို ဘယ်လိုပြောရပါ့ ။ မနေ့က ညနေဖက် ကျော်ကျော့်အမေ မတင်လှက အိမ်ရောက်လာပြီး အကူအညီတောင်းသွားသေးသည် ။

“ဒေါ်လေးရယ် ၊ ကျမလည်း ဆင်းရဲပါတယ် ။ ဒါပေမယ့် ကျွန်မသားလေးက စည်းနဲ့ကမ်းနဲ့ကလေးတစ်ယောက်ပါ ။အခုလိုဖြစ်ရတာလည်း အစ်မ မနှင်းလှိုင် သဘောမတူမှာစိုးလို့ ကြံမိကြံရာ ကြံရင်း ဖြစ်ကြတာပါ ။မြမူကိုလည်း ကျမ သမီးလိုချစ်ပြီးသားပါ ။ ပြန်လည်းအပ်ချင် ၊ မင်္ဂလာစကားလည်းပြောချင်ပါတယ် ။ ဒေါ်လေး ကူပြီး ပြောပေးပါဦး ။ကျွန်မတို့ဖက်က အစစအရာရာ အဆင်ပြေအောင် လုပ်ပေးပါ့မယ်လို့ “

” အေးပါ ။ ညည်းစိတ်အေးအေးထား ။ကျုပ်မြေးအပေါ် ဒီလိုစိတ်မျိုးထားပေးတာကျေးဇူးတင်ပါတယ်အေ ။ ဒါပေမယ့် နှင်းလှိုင်စိတ်ကို ညည်းတို့လည်းသိသားပဲ မဟုတ်လား ၊ စိတ်ပြေလောက်ချိန်မှ ငါတဖြေးဖြေးပြောပါ့မယ် “ လို့ သူမစကားပြန်ထားမိသည် ။ ဘယ်လိုများလုပ်ရပါ့မလည်းမသိတော့ ။

“ဟဲ့ …မနေ့ကလေ တော့ဆီမှာ ဝယ်နေကျ ဖောက်သယ်မိန်းမအိမ်မှာ ပြသနာတွေတက်ကြတာ ဝုန်းဒိုင်းကို ကြဲနေတာဘဲ ။ကျုပ်မယ် စပ်စုမိတာ အိပ်ရေးပျက်ပြီး ဒိုင်ဆင်းတာနောက်ကျလို့ ငပုတ်ငပွပဲ ရခဲ့တယ် “

“ဘယ်မိန်းမတုန်း “

“ဟယ် ..စတိုးဆိုင်ကလေ အေ”

“ညည်းက အဲ့နားဘာသွားလုပ်တာတုန်း “

“သူတို့ကသူတို့အိမ်ဘေးအကွက်ကို ထပ်ဝယ်ပြီး အိမ်တန်းလျားဆောက်ပြီး ပြန်ဌားတာလေ ။ ကျုပ်တို့က အဲ့မှာဌားနေတာ အခု “

“သိတောင်မသိပါဘူးအေ ။ကျုပ်လည်း ဒီရက်ထဲ ဟိုကောင်မကိစ္စနဲ့ လူကို စိတ်နဲ့မကပ်ချက်ဆိုတာ “

မနှင်းလှိုင် ငါးကြင်းတစ်ကောင်ကို အမြီး အလယ်သား ခေါင်သား သုံးပိုင်းခုတ်ကာ သွေးစတွေကို အသားနေရာပွတ်သုတ်ရင်း လှအောင်စီနေရာကနေ ပြောလိုက်သည် ။ပြီးမှ

“ဘာဖြစ်ကြတာတုန်း ။တော်ကလည်း ပြောရင် အစအဆုံးပြော၊ ပြောမလို မပြောမလိုနဲ့ အာရုံနောက်တယ် “

“ပြောမလို့ဘဲ ညည်းက စိတ်ဝင်စားသလို မဝင်စားသလိုမို့ ရပ်ထားတာ။ သူ့လင်ရဲ့ မယားငယ်မ လိုက်လာပြီး ရန်တွေဖြစ်ကြတာ ရှက်စရာကြီးဟယ် ။ ဟိုဟာမက ဆဲလိုက်ဆိုလိုက်တာ ဗြောင်းသတ်နေတာပဲ ..။ ဗိုက်ကြီးနဲ့ဟဲ့ ပြီးတော့ “

မနှင်းလှိုင် လုပ်လက်စ အလုပ်တွေ ခဏရပ်ပြီး ဘေးဆိုင်ဖက် ကိုယ်လုံးကို လှည့်လိုက်ကာ စိတ်ဝင်တစား နားထောင်သည် ။

” အဲ့လူက ခဏခဏ မယားငယ်တွေထားတာတဲ့ ။အငယ်မလည်းပြန်ရော လင်မယားတွေ သတ်လိုက်ကြတာ ၊ရုံးတောင်ရောက်တယ် ၊ အခု ရန်ကုန်ကလာနေတယ်ဆိုတဲ့ကောင်လေးလေ သိလား ၊ မြမူကိုတောင် ငမ်းသေးတယ်လေ ။ အဲ့ကောင်လေးကလည်းအရှုပ်တော့ ။ရည်းစားတွေထား လွန်လွန်ကျွံကျွံတွေ ဖြစ်ပြီးရင် တာဝန်မယူပဲ ရှောင်နေလို့ လိုက်ရှင်းရတာတဲ့ “

“ဟဲ့ ဟုတ်ရဲ့လားအေ ။ညည်း ဘသူပြောတုန်း”

“ညက ရန်ဖြစ်ရင်း သူ့မိန်းမ ငိုငိုပြီးပြောတာ ။ မြမူ ကံကောင်းတယ်နော် ..ညည်းသမီးက ညည်းထက်ဦးနှောက်ပြည့်တယ် ။ညည်းထက် စျေးတွက်တော်တယ် နှင်းလှိုင် ။ ကျော်ကျော်က အရာရှိစာမေးပွဲဖြေထားတာ ။ညည်းသမီးကလည်းဘွဲ့ရထားပြီ ။ မကြာခင် လူကြီးကတော် ဖြစ်လာမှာ ..အဲ့ကျ ညည်းလည်းဂုဏ်တက်တာပေါ့အေ ။ဟိုကောင်နဲ့ညားရင် ညည်းသမီးမြမူမယားကြီးဆိုတဲ့ဂုဏ်ပဲရမယ် ၊သုတ်လိုက်ရမယ့်မျက်ရည်ဆိုတာ “

“အေးတော့ ။ကျုပ်က လည်း ဒါတွေ ဘယ်သိမလည်း မခင်ဦးရယ် “

မနှင်းလှိုင်လေသံက ပျော့သွားသည်။

“ဖြစ်တတ်ပါတယ်အေ ။ မိဘဆိုတာ ဒီလိုပါပဲ ၊ကိုယ့်သားသမီးတော့ ကောင်းတာတွေပဲ ဖြစ်စေချင်ကြတာ မဟုတ်လား စေတနာအမှားပါအေ ၊ ညည်း ငါးကြင်းတွေ လတ်လိုက်တာ ဒိုင်စျေး ဘယ်လောက်တုန်း “

” မြင့်သူလေ မနက်က အမဒါယူလိုက်ဆိုပြီးကြည့်တော့ အပေါ်ကောင်တွေက သေးလို့မယူဘူးနေတာ တတောင်းပဲကျန်တာကိုး ။ အဲ့ဒါ ဟိုကောင်က ယူလိုက်ဆိုပြီး မျက်ရိပ်ပြတာနဲ့ ကျုပ်လည်း အရက်သမားစကား နားထောင်ပြီး ရင်တထိတ်ထိတ်နဲ့ အကုန် ပုတ်ဖြတ်ယူလိုက်တာ အောက်ငါးတွေက အကောင်ကြီးတွေ ဖြစ်နေတာ။မနက်က ဒိုင်မှာ ငါးရှားတယ် ဟဲ့ ။ ကံကောင်းတာမဟုတ်ဘူး ၊မြင့်သူဉာဏ်ကောင်းတာ ။မနက်ဖြန်ကျ အရက်ဖိုးလေးဘာလေး ပေးဦးမှ “

“မနာလိုဘူးအေ ။ ညည်းတို့များ ကံကောင်းချက် ။ကျုပ်မယ် ညက စပ်စုကောင်းလို့ နောက်ကျတာ လူကလည်း အိပ်မှုံစုံမွှားနဲ့ ပင်လယ်ငါးတောင် လတ်တာမရဘူး ရွေးကျန်ဘဲ ရတယ် ။ ငဝက်မတွေ စျေးတန်လို့ယူမယ်လုပ်တုန်း သူများဆွဲသွားတော့ ကျုပ်ကျန်ခဲ့ပြန်ရော ။ဒီနေ့တော့ မဲဖိုးတောင်ရမှာ မဟုတ်ဘူး “

“နားပူလိုက်တာ ကောင်မရယ် ။ငါးကြင်းတဝက်ခွဲယူရောင်း ၊ ကျုပ်ဖောက်သယ်တော့လာမလုရောင်းနဲ့နော် ။တုတ်လည်းတုတ် လုပ်လည်းလုပ်မှာ ။လာယူပြီး ကတ္တားသွားချိန်ချေ “

မနှင်းလှိုင် စေတနာပိုစွာဖြင့် ခွဲပေးမိသည်။ သူ နားထောင်လို့သာ ကြားလာရတာ မဟုတ်လား ။ အမလေး ..။ ကံသီပေလို့ ။ပိုက်ဆံချမ်းသာတာပဲရှိတာ ။မိဘက ဆင်းသက်ပြီး စာရိတ္တ မကောင်းလိုက်တာမှ ။ ငါ့သမီးကို ကြိုက်ပြီး ဒီလို အချိုးသာဆို ငါကိုယ်တိုင် ငါးခုတ်သလိုကို ခုတ်ပစ်မှာ ဟု စိတ်ကတွေးရင်း ငါးကြင်းခေါင်းကို ဒုန်းကနဲ ခုတ်ချလိုက်မိသည်။ သူမ စိတ်မလုံစွာ ဆိုင်ရှေ့ကိုလှမ်းကြည့်လိုက်တော့ ငါးခြောက်သယ် မတင်လှက မရဲတရဲ ပြုံးပြတာမို့ သူမလည်း အီလည်လည်အပြံုး ပြန်ပြံုးပြလိုက်သည် ။ အခုလောက်ရှိရင် သိပြီပေါ့ သူတို့လည်း ။ရပ်ကွက်စျေးဆိုတာ စျေးဝယ်ပါးတာနဲ့ ပါးစပ်ထဲရှိသမျှ သူများအကြောင်းကို သတင်းရော အတင်းပါလုပ်ပြောနေကြတာပဲဟာ ။ တကယ်ဆို မတင်လှတို့က အနေတော့အေးသည် ။ ဒီစျေးတန်းထဲ သူမသာ စွာကျယ်ကျယ်ရှိပြီး ရန်လိုတတ်တာပင် ။ သူမ ဖြစ်ချင်သလို အရမ်း မချမ်းသာပေမယ့် မအေဖြစ်သူကလည်းသိမ်းသိမ်းထုတ်ထုတ် ရှိသလို သားကလည်းလိမ္မာပါသည် ။ ဖူးစာပဲလေ ။ဘယ်တတ်နိုင်မတုန်း ။စျေးတွက် တွက်ပြီး အမြတ်ထုတ်ရအောင် အမေ့စျေးဗန်းထဲက ငါးတွေမဟုတ်ဘူး ဟူသော မြမူရဲ့စကားကိုကြားပြီး သူမမျက်နှာ ပြုံးယောင်ယောင် ဖြစ်သွားသည် ။ ခွေးမ ။ မအေကို ကတ်ကတ်လန်နေတာပဲလို့ တွေးရင်း သူမစိတ်တွေ အတန်ငယ်ပေါ့ပါးလာသည် ။ အင်း ။ ငကျော်လည်း ဆိုးတော့မဆိုးပါဘူးဟု တွေးလိုက်တော့ သူမစိတ်တွေ အရင်လို ရှုပ်ထွေးနောက်ကျိမနေတော့ ။ အရှိကို အရှိအတိုင်း လက်ခံဖို့စဉ်းစားပြီး သက်ပြင်းမောတစ်ခုကို ချလိုက်မိသည် ။ စျေးကွဲချိန်ရောက်တော့ကျန်နေသေးသောငါးတွေကို ရေခဲရိုက် သိမ်းဆည်းပြီး ငါးထည့်သည့်ဇလားနှင့်စတီးလင်ဗန်းကိုဆေးကြောကာ ပိုက်ဆံခြင်းကို လက်ကဆွဲပြီး အိမ်သို့ပြန်လာရင်း အတွေးတွေက ဟိုရောက်သည်ရောက် ။ အိမ်ရှေ့ ဖိနပ်ချွတ်နေရာမှာ လင်ဗန်းကို ဗြန်းကနဲချပြီး ဗွက်ပေနေသော ခြေထောက်ကို ရေသုံးလေးခွက်လောင်းနေတုန်း အမေက အိမ်ရှေ့ထွက်လာပြီး

“စျေးသိမ်းတာစောလိုက်တာ သမီး ။ နေမကောင်းဘူးလား ။ အမေ ခရမ်းချဉ်သီးငပိချက်ကို ငါးကြင်းလေးနဲ့ စပ်စပ်ချက်ထားတယ် ။စားတော့မလား”

ဟု မေးတာကို နှင်းလှိုင်ပြန်မဖြေအားဘဲ စကားတစ်ခွန်းကို ကပြာကယာပြောပြီး ရှက်ကိုးရှက်ကန်း အိမ်ပေါ်သို့ အတင်းတိုးတက်သွားလေတော့သည် ။

” အမေ ၊ အမေ့မြေးကိုဖုန်းဆက်လိုက် ။ မတင်လှကိုလည်း ပြောလိုက် .. မင်္ဂလာကိစ္စ ပြောဖို့ အမြန်စီစဉ်ပါလို့ ။ ကျမ သဘောတူတယ်လို့ “

                                                                                        <<အညိဳ >>
Written on November 1, 2020