← All writing

တစ်ဉီးတစ်ယောက်ရဲ့ စကားမှာ လမ်းမဆုံးစေဖို့

· Aung Ko Man

Notebook and fountain pen for planning and reflection
Illustrative photo by Niko Nieminen on Unsplash.

ကျွန်တော် မှတ်မှတ်ရရ ကြုံခဲ့တာ တစ်ခုရှိတယ်။ နည်းပညာနဲ့ ပတ်သက်လို့ပါ။ ဒီလို Social Network တွေကလည်း ခေတ်မစားသေးတဲ့အချိန် Blog ရေးတဲ့သူတွေကိုပဲ အားကိုးပြီးဖတ်နေရတာ။ အဲ့မှာ ဆရာတစ်ယောက်ရေးထားတာကို ဖတ်ရတယ်။ JS လောက်ကို ဘဝကြီးမှတ်မနေနဲ့ JS ဆိုတာ script language လောက်ပဲ ရှိတာ (ဆိုလိုချင်တာက ကလေးတွေပဲ ရေးတဲ့ programming language ပေါ့) ၊ ပြောရရင် ပရိုဂရမ်းမင်းလောကမှာ ဘောင်မဝင်တန်းမဝင်ကောင် ဘာညာသာရကာပေ့ါ ကြွယ်ထားတာ အဲ့ဆရာက။

အဲ့မှာ ကိုယ့်ကိုယ်ကိုတောင် သိမ်ငယ်သွားတယ်။ ကိုယ်က JS ကို နှစ်ကြောင်းတောင် ဖြောင့်အောင်မရေးတက်ဘူး၊ အသည်းအသန်ဖတ်နေရတဲ့အချိန် အဲ့စာကို တွေ့‌တော့ insecurity ကြောင့် တစ်ခြား language ပြောင်းဖို့လုပ်တယ်။ JS ဆိုရင် အခြားသူတွေ အထင်သေးမှာဆိုးတာနဲ့ လှည့်မကြည့်ဖြစ်။

ဒါပေမယ့်လည်း သိတဲ့အတိုင်း ကိုယ့်ရဲ့ ဝါသနာနဲ့ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်က ထပ်တူမကျလေတော့ လေးငါးနှစ်လောက် အဆက်အသွယ်ပြတ်သွားတယ်။ ကြားထဲမှာ အားရင် အားသလို သွားသွားဖတ်ကြည့်ပေမယ့်လည်း နားမလည်လို့ လက်လျော့လိုက်၊ အင်တာနက်က အကန့်အသတ်နဲ့ပဲ ရတဲ့အခြေအနေတွေဆိုတော့ ဒီဘက်မှာ သိပ်ပြီး ပေါက်ပေါက်ရောက်ရောက်မရှိ။ ကွန်ပျူတာဆိုတာကို စာစီစာရိုက်နဲ့ အစည်းအဝေးအတွက် presentation ပြင်ပေးတာလောက်ပဲ သုံးဖြစ်တော့တယ်။

နောက် ကျောင်းပြန်တက်တော့မှ နည်းပညာဘက်ကို ပြန်ခေါင်းတည်လာဖြစ်တယ်။ အဲ့ချိန်မှာ လွန်ခဲ့တဲ့ လေးငါးနှစ်က ကိုယ့်ငယ်ချစ်ကလေး JS က အတော် ပေါက်ပေါက်မြောက်မြောက်ဖြစ်နေပြီ။ ဒီတစ်ခါတော့ ကိုယ်လည်း လက်မလွှတ်ဖြစ်တော့။ ကိုယ့်လာပြောရင် ပြန်ကြွယ်လို့ရအောင်လည်း စာတွေ ပြန်လိုက်ဖတ်လိုက်တယ်၊ JS is the best တွေဘာတွေ ကြွေးကြော်တက်နေပြီ။

ဒီလိုနဲ့ပဲ ဘွဲ့ယူစာတမ်းကို JS သုံးပြီးပဲ ရေးဖြစ်သွားတယ်။ ဆိုရရင် အခြားတစ်ယောက်ယောက်ရဲ့ စကားမှာ လမ်းမဆုံးဖို့လိုတယ်။ လမ်းမဆုံးအောင် ဆိုရင် ကိုယ်ဆီမှာလည်း လုံလောက်တဲ့ ဗဟုသုတရှိဖို့တော့ လိုတာပေါ့၊ နောက် insecurity ကလည်း ခပ်ဆိုးဆိုးထဲမှာ ပါတယ်။ ကျွန်တော်က insecurity တော်တော်များတယ်။ ဆိုတော့ တစ်ယောက်ယောက်က လာပြောပြီဆိုတာနဲ့ negative sense နဲ့ တုန့်ပြန်ဖြစ်တာ များတယ်။ နောက်ပိုင်းတော့ သတိနဲ့ အုပ်ရတယ်၊ နောက် ကိုယ့်ကိုယ်ကို လက်ခံလိုက်တယ်။ ဟုတ်တယ် ကိုယ့်မှာလည်း ညံ့တဲ့အပိုင်းတွေ ရာထောင်ချီ ရှိတယ်၊ မတက်နိင်ဘူး အကုန်လုံး ပြည့်စုံကောင်းမွန်နေဖို့၊ ဒီတော့ ဆိုးတယ် ပြောလည်း ဟုတ်ကဲ့ ဆိုးပါတယ်ပေါ့၊ ကောင်းတဲ့ အပိုင်းတွေလည်း ရှိတာပဲ၊ ကောင်းတယ်လာပြောရင်တော့ ‌ကျေးဇူးပါပေါ့။

ကျွန်တော်နဲ့ JS ရဲ့ ကတ္တီဘာလမ်းခွဲကတော့ ဒါပါပဲဗျာ။ လုံလောက်တဲ့ ဗဟုသုတမရှိတာ နဲ့ သိမ်ငယ်စိတ်များတာဟာ တစ်ခြားတစ်ယောက်ယောက်ရဲ့ စကားမှာတင် လမ်းဆုံးတက်တယ်ဆိုတာ လေးငါးနှစ်ကြာမှ ကျွန်တော် တွေးမိလာတယ်။