Nobody can save ME.
· Aung Ko Man

2021 မှာ ပထမဆုံးရေးမိတာက personl feeling ဖြစ်နေတာတော့ ခက်တယ်။ ဒါကပဲ ကိုယ့်ရဲ့ type ကို ပြတာပဲ ထင်ပါရဲ့။ ဟုတ်ပါတယ် ဒီလူဟာ ကိုယ်ရေးကိုယ်တာ ခံစားချက် သိပ်များတဲ့လူပါ။ အပေါ်ယံ ကြည့်ရင် အရာရာကို ပေါ့ပေါ့ပါးပါး သဘောထားတဲ့လူလို့ ထင်ရပေမယ့် အတွင်းထဲမှာတော့ သိပ်ပြီး serious ဖြစ်တက်တဲ့ လူမျိုးလားမသိ။ ထားပါတော့ ကိုယ်လည်း စိတ်ပညာရှင် မဟုတ်တော့ ဒီအပိုင်းတွေ သိပ်မသိ။ ပြောရရင် တရားနဲ့ ဝေးတယ်ပေါ့ဗျာ။
အခုတလော Fail တာတွေများတယ်။ Stay Home ကာလမှာ အလုပ်တွေ အများကြီးလုပ်နိုင်မယ်လို့ ထင်ခဲ့ပေမယ့် ကိုယ့်အထင်မှားခဲ့တယ်။ ရုံးတက်ရတဲ့ နေ့တွေကမှ ကိုယ့်အတွက် ပိုပြီး productive ဖြစ်သလို ခံစားရတယ်။ ရုံးဖွင့်တဲ့ ရက်တွေမှာ workholic တစ်ယောက်လို နေ့ရော ညရော အချိန်အားလပ်မရှိ အလုပ်တွေ ကြုံးရုံးလုပ်တက်တဲ့သူဟာ Stay Home လို့လည်း ပြောလိုက်ရော... တစ်နေ့ အလုပ်ချိန် (၂) နာရီလောက် ရဖို့ကို အတော်လေး ရုန်းကန်နေရတယ်။
ဟ ဒါဆို အချိန်တော်တော်များများ ဘာတွေလုပ်နေလဲ ပြောရင်... social media မှာ အချိန်ကုန်နေတယ် ပြောရမယ်။ ဒီလိုပြောလို့ facebook ပေါ်မှာ post တွေတင်လိုက် comment တွေ လိုက်ရေး၊ reply ပြန်၊ react မျိုးစုံနဲ့ အချိန်ကုန်နေတယ် ထင်နေဉီးမယ်။ အဲ့သလိုတော့ social ကျတဲ့သူတော့ မဟုတ်။ ဒီအတိုင်းပဲ news feed ကို scroll ထိုင်စွဲနေတာ...။
ဒီတော့ ဒီလိုနေတာ ကြာလာတော့ ဘာဖြစ်လာလဲဆိုရင် စိတ်ဓာတ်ကျလာတယ်။ တရားစကားနဲ့ ပြောရရင် ကိုယ့်စိတ်အမိုးက မလုံတဲ့အခါကျတော့ လိုချင်စရာ ပစ္စည်းကြော်ငြာတွေ တွေ့တဲ့အခါ လောဘတက်လာတယ်၊ နောက်ပြီး ကိုယ်မရနိုင်တဲ့အခါ ဒေါသက နောက်က ပါလာတယ်။ ဒီလိုပါပဲ ကိုယ့်သူငယ်ချင်း မိတ်ဆွေ ဆရာသမားတွေ အဆင်ပြေတာ တွေ့တဲ့အခါ မုဒိတာ ပွားနိုင်တာက ခပ်ရှားရှား၊ ဘာလို့ ငါကျတော့ နိမ့်ပါးနေရတာလဲ သူတို့ပဲ အောင်မြင်ပျော်ပါးတဲ့ ဘဝတွေ ရနေတာလဲ လို့ အငုံ့စိတ်နဲ့ မနာလိုတာက ခပ်များများ။ ဒီတော့ depression ဝင်တာလည်း သိပ်တော့ မဆန်းပါဘူး။
ခေါင်းစဉ်နဲ့ ဆက်ရမယ် ဆိုရင်ဖြင့် I can't help myself. ပဲ ပြောရမယ်။ ကိုယ့်ဘာသာကိုယ် ပြိုလဲနေတာ (အတွင်းပိုင်းမှာ ) ဘယ်သူက ကယ်နိင်မလဲ? သတိဝင်လာတဲ့ အခါများဆိုရင်တော့ တရားတွေဘာတွေ နာရတယ်။ စိတ်တို့၏ အစွမ်းဆိုတာ။ နာလာတာ ရှစ်နှစ်ကျော်လာပြီ။ ဒီတရား တစ်ပုဒ်ထဲကိုပဲ။ မနာဖြစ်တဲ့ အခါ၊ အခုလို social media မှာ အချိန်ကုန်တဲ့အခါ စိတ်ဟာ တကယ်ကို ပေါ့သွပ်လာတယ်။ ကိုယ်နဲ့ ပတ်သတ်ရာ ပတ်သတ်ကြောင်း က ကမ်းတဲ့လက်တွေဟာလည်း ကိုယ့်ကို တစ်နည်းနည်းတော့ ဖိစီးမှု ပေးနေတယ်လို့ ခံစားရတယ်။
So, nobody can save me. Even myself. Life is so lonely.