Lockdown Types
Burnout: The High Cost of High Achievement မြန်မာလိုတော့ Burnout ကို ဘယ်လိုပြန်လဲ မသိ။ ကျွန်တော် သတိထားမိတာတော့ တစ်ပတ်လောက်ပဲ ရှိပါသေးတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်က စပြီး အလုပ်အစား ရုပ်ရှင်နဲ့ အစားဘက်ကို အာရုံပိုများလာတာက စတယ်။ အရင်က ကွန်ပျူတာရှေ့မှာထိုင်ရင် နှစ်နာရီ သုံးနာရီလည်း သိပ်မမှုဘူး၊ အလုပ်ထဲမှာ စျာန်ဝင်နေတော့ ပင်ပန်းတယ်လည်း မထင်၊ အလုပ်လည်း တွင်တယ်။ ပြီးခဲ့တဲ့ ရက်တွေက စပြီး အဲ့သလိုမဟုတ်တော့ပဲ နာရီဝက်လောက် ကွန်ပျူတာသုံးနေရရင်ကို စိတ်က ဖိစီးလာတယ်။ oh I can’t do it. ဒီလိုတွေ တွေးမိပြီး ပိုပိုစိတ်ဖိစီးလာတယ်။ why? ဒီလို အရင်က ကွန်ဖိဒန့်လယ်ဗယ် စိုးဟိုက် ခဲ့တဲ့ ပရိုဂရမ်းမင်း လို နယ်ပယ်မှာတောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ဇောက်ထိုးဆင်းသွားတာ ဘာကြောင့်လဲ? အဖြေရှာမရ။
ဒါရဲ့ နောက်ဆက်တွဲ အနေနဲ့ အာရုံစူးစိုက်မှုပါ ကျလာတယ်။ လုပ်ရတဲ့ အလုပ်က ဦးနှောက်ကို သုံးပြီး လုပ်ရတာ များတယ်၊ ပြဿနာကို ဖြေရှင်းရတဲ့အခါ အာရုံစူးစိုက်မှု မရှိတော့ ဘယ်လိုမှ အဆင်မပြေ၊ ဒီတော့ စိတ်က ပိုပြီး ဖိစီး၊ စိတ်ဖိစီးမှု များလာတော့ အာရုံက မစိုက်နိုင်၊ ဒါနဲ့ပဲ သံသရာလည်ပြီး နစ်သထက် နစ်လာတယ်။ အရေးကြီးတယ်လို့ သတ်မှတ်ထားတဲ့ အလုပ်တွေကို အကုန်ခန မေ့ထားပြီး ဇာတ်လမ်းတွဲတွေ တမေ့တမော ထိုင်ကြည့်တယ်၊ အခန်းမှာ ပြုတ်စားလို့ရတဲ့ အသင့်စား အစာမှန်သမျှ ပြုတ်စားတယ်၊ ညဘက်တွေ ဘီယာသောက်တယ်။ အိုကေ ခနနားပြီး သွားပြီ ဆိုတော့ နောက်ရက် အလုပ်စားပွဲ ပြန်ထိုင်တယ်။ ဘာမှ မထူး၊ လေမြဲ လေဆဲ။
ဘာလို့ရုတ်တရက်ကြီး ဘဝကြီးက ဆိုးဝါးသွားတာလဲလို့ ပြန်စဥ်းစားကြည့်မိတယ်၊ စာတွေလည်း ပြန်ရှာဖတ်၊ လက်ရှိအခြေအနေက အပြင်ပန်း ကြည့်မယ်ဆိုရင် အစစ အရာရာ ရေကန်အသင့် ကြာအသင့် လို့ ပြောလို့ရတဲ့ အနေအထား၊ နေရထိုင်ရတဲ့ လူနေမှု အဆင့်အတန်းကအစ ရထားတဲ့ facility တွေ နဲ့ အလုပ်အကိုင်အဆုံး သိပ်ပြီး စိတ်ညစ်နေစရာ မလိုတဲ့ အခြေအနေ၊ ဘာလို့ အခုလို ကိုယ့်ရဲ့ mood က ဆိုးဆိုးဝါးဝါး ဖြစ်နေရတာလဲပေါ့။
အဖြေကတော့ Burnout:The High Cost of High Achievement ပါပဲ။ အခုလို စိတ်ခံစားချက်တွေ မဆိုးရွားခင် လေးငါးလလောက်ကို ပြန်ကြည့်မယ်ဆိုရင်… သင်တန်းမှာ စိတ်ရော လူရော နှစ်ပြီးနေခဲ့တာမျိုးတွေ၊ နောက် သင်တန်းဆင်းပြီး လုပ်ငန်းခွင်ထဲပြန်ရောက်တော့လည်း ကိုယ်ကျင်လည်တဲ့ field မဟုတ်တော့ပဲ field အသစ်ပြောင်းလိုက်တဲ့အတွက် field အသစ်မှာ နေသားတကျဖြစ်ဖို့ ရုန်းကန်ခဲ့ရတာတွေ သွားတွေ့တယ်။ နောက် Deadline နီးလာတဲ့ freelance project တွေ၊ Software Engineering Contest လို ပြိုင်ပွဲတွေ၊ Myan Quiz အတွက် Team ဖွဲ့တာတွေ၊ Product Launch လုပ်ရတာတွေ… ဒါတွေအကုန်လုံး လုပ်နေတဲ့ နှစ်လ သုံးလ အတွင်းမှာ ညဘက် အိပ်ချိန်က တော်တော်နည်းခဲ့တာ။ စားလည်းဒီစိတ်၊ သွားလည်း ဒီစိတ်နဲ့ ကိုယ့်ကိုယ်ကို တွန်းအားပေးခဲ့တာတွေက နောက်ဆုံးတော့ Burnout ဖြစ်ခြင်းနဲ့ အဆုံးသတ်သွားတာပါပဲ။
ဒီတစ်ခေါက်တော့ သင်ခန်းစာ အသစ်ရသွားတာပေါ့။ ကောင်းတဲ့အရာအပေါ်ပဲ ဖြစ်ဖြစ် ဆိုးတဲ့အရာအပေါ်ပဲ ဖြစ်ဖြစ် လောဘ နဲ့ လိုချင်တပ်မက်စိတ် များလာရင် ဒုက္ခများလာတာဖြစ်လို့ အခုများတော့ စာများများ ဖတ်ဖို့ နဲ့ မေတ္တာများများ ရှိဖို့ပဲတွေးမိပါတော့တယ်။