why we failed
why we failed
ဒီနယ်ပယ်ထဲကို ဝင်လာတဲ့ သုံးနှစ်အတွင်း ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်မလာခဲ့ဘူး ဘာတစ်ခုမှလည်း ကျေနပ်အားရမှု မရှိဘူး
ဒါက စီးပွားရေးအရရော ကိုယ့်ပညာရပ်ပိုင်း ဆိုင်ရာ အရရော ပြောပါတယ်။ zero ပဲ ထားပါတော့ ဒီနယ်ပယ် ကို စဝင်လာတော့ HTML CSS JS ရေးတက်ဖက်တက်တယ် PHP နဲ့ MySQL လည်း CRUD လောက်တော့ ရေးတက်တယ် နောက် Webservice မှာ ဆိုရင် Restful နဲ့ SOAP ဆိုပါတော့။ နောက် စာတမ်းအတွက် WebRTC နဲ့ Web Socket လိုဟာမျိုးတွေကို တီးမိခေါက်မိ ရှိတယ်။
ဒါနဲ့ စခဲ့တာ အခုဆိုရင် သုံးနှစ်ရှိသွားပြီ။ ဘာဖြစ်လာလဲ? စီးပွားရေး အရ အထူးသဖြင့် ငွေရေးကြေးရေးအရ ပြောရရင် ပုံမှန် လစာ ရဖို့ကို အများကြီး ရုန်းကန်ရတယ်။ဒါဟာ ကိုယ်ဒီနယ်ပယ်မှာ ကျင်လည်နိုင်ဖို့အတွက် ပေးထားခဲ့ရတဲ့ အချိန်နဲ့ကြိုးစားအားထုတ်မှုတွေနဲ့ ပြန်တွက်ကြည့်ရင် မတန်ဘူးလို့ ထင်တယ်။
ဒါနဲ့ လခစား မလုပ်ဘူး ကိုယ်ပိုင် အလုပ်လုပ်မယ် ဆိုတော့လည်း လုပ်ငန်းတစ်ခုကို ဖြစ်မြောက်အောင် လုပ်နိုင်တဲ့ အစွမ်းမရှိဘူးပဲ ပြောရမယ်။ ဟိုစပ်စပ် သည်စပ်စပ်။ jack in all trade လို့ ခေါ်တာလားမသိဘူး ဘိုလို ဆိုရင် မြန်မာမှာတော့ ပါလေရာ ငပိချက်ပေါ့။ တစ်ပိုင်းတစ်စ နဲ့ လက်စမသတ်နိုင်တဲ့ hobby project တွေမှ စိတ်ရှည်လက်ရှည်နဲ့ ထိုင်ရေကြည့်ရင် ငါးဆယ်ထက်မနည်း။ တကယ် public မှာ လောက်လောက်လားလား run နေတာ လက်တစ်ဘက် မပြည့်ဘူး။
အဓိက ကတော့ ပေါ်ပင်မှာ ပျော်ရွှင်နေလို့လား ကိုယ့်ရဲ့ personality ကကို ညံ့ဖျင်းတာပဲလား မသိ။ စာတိုပေစ တွေ ဖတ်တယ်ပေါ့ဗျာ။ စာအုပ် မဟုတ်ဘူးနော် ကောင်းနိုးရာရာ ဟိုရှာဖတ် သည်ရှာဖတ်ပေါ့ အဓိက ကတော့ကိုယ့်ရဲ့ insecurity ကြောင့်လည်း ပါမယ်။ CRUD လောက်ရေးဖို့ လိုတဲ့ project လည်း Design Pattern တွေ Architecture တွေ နဲ့ ရေပတ်မဝင်အောင် ပြောပြီး ရေးတာမျိုး။
တစ်ခါတစ်လေတော့လည်း ရယ်စရာ အကောင်းသားဗျ tutorial တစ်ပုဒ်ဖတ်ပြီး တစ်ရက်လောက်ပဲ ရေးလိုက်ရတဲ့ နတ်မျက်စိ လို Mobile App က Google Playstore မှာ လူတစ်သိန်းကျော်လောက် download လုပ်ကြပြီး စာတွေအများကြီးဖတ်၊ ကုတ်ကိုလည်း စနစ်တကျ အချိန်ပေးပြီး ရေးထားတဲ့ Mm Cafe လို့ app မျိုးကြ သုံးတဲ့သူ တစ်ယောက်မှ မရှိဘူး။
ဒီနှစ်တွေ အတွင်းမှာ ကိုယ့်ကို စိတ်ဒုက္ခအပေးဆုံး သတ္တဝါ အမျိုးအစား တစ်ခုကို ပြောပါဆိုရင် Client လို့ ဖြေရမယ်။ ကြာတော့ ဖုန်းလာမှာကို ကြောက်လာရော။ ဘယ်သူနဲ့မှလည်း ဖုန်းမပြောချင်တော့ဘူး။ ဒါကြောင့် အခုနောက်ပိုင်းဆို အချိန်တော်တော်များများကို ဖုန်းပိတ်ထားတာများတယ်။ တစ်ကိုယ်တည်း နေရတာ အင်မတန်အေးချမ်းတယ် ဆိုတာကို Client တွေက သင်ပေးသွားတယ် ဆိုရမယ်။
ဒီနိုင်ငံမှာက သိတယ်မို့လား အနည်းဆုံး Budget နဲ့ အကျိုးအများဆုံး ဘယ်လိုယူရမလဲပဲ တွက်ကြတာများသကိုး။ ကျွန်တော်တို့ မန္တလေးက စကားနဲ့ ပြောရရင် လက်ကုန်နိုက်တယ် ဆိုပါစို့။ ဒီတော့ Professional ဆိုတာကို တန်ဖိုးထားရကောင်းမှန်း မသိကြတော့ဘူး ဒါက နှစ်ဘက်စလုံးမှာလို့ ထင်တယ်။ Client ဘက်ကလည်း စျေးအနည်းဆုံးပေးပြီး အလုပ်အများဆုံးကို အမြန်ဆုံး ပြီးချင်သလို Developer တွေဘက်ကလည်း ကျောင်းမှာ သင်ခဲ့ရတဲ့ Software Engineering တွေ ဘေးချိတ် reusable တွေ နောက် ethic တွေ ေဘးချိတ်ပြီး တစ်ခါသုံး code တွေနဲ့ တစ်နပ်စားတွေ လုပ်လာကြတယ်လို့ ထင်တယ်။
ရေဘူးပေါက်တာမလိုချင်ဘူး ဆိုကတည်းက ကြီးကြီးငယ်ငယ် ဒီ Client မျိုး ဝေးဝေးက ရှောင်သင့်တယ်ဆိုတာ သိလိုက်ပြီ။ ခက်တာက အသပြာ ။ အသပြာ မျက်နှာနဲ့ ကြိတ်မှိတ်သည်းခံပြီး မတန်ပေမယ့်လည်း အိပ်ပျက်ခံပြီး ရေးခဲ့ရတဲ့ project တွေလည်း ရှိရဲ့။ တစ်ခါတစ်လေတော့လည်း ကိုယ်တွေဘက်က ပဲ့တာပါ။ တစ်ရစ်ပြီး ရစ်နေတဲ့ Client ကို ဆိုးသည် ကောင်းသည် ဘားမှ မပြောတော့ဘဲ အလုပ်ကိုလည်း ပစ်ထားလိုက်တာမျိုး။
ရေရှည်တော့ သူများခိုင်းတာကို လုပ်မယ့်အစား ကိုယ်ပိုင် Innovative ဖြစ်တဲ့ Solution တစ်ခု ကိုယ့် Team နဲ့ကိုယ် inhouse ရေးပြီး ရပ်တည်နိုင်ဖို့ပဲ ကြိုးစားရမယ်။ ကိုယ့်ရဲ့ ကျွမ်းကျင်လိမ်မာရာ နောက် ကိုယ်ပျော်မွေ့နိုင်တဲ့ နယ်ပယ်ဆိုတာလည်း ရှားရှားပါးပါး ဒီတစ်ခုပဲ ရှိလေတော့ ဒိလိုပဲ အားတင်းပြီး နေရတယ်။
သုံးနှစ်အတွင်း တိုးတက်ပြောင်းလဲ လာတာဆိုလို့
- CRUD ကို language သုံးမျိုးလောက် နဲ့ ရေးဖြစ်တာမျိုး၊
- နိုင်ငံခြား ပညာတော်သင် တစ်ခေါက်သွားပြီး စားသောက်ပျော်ပါးခဲ့ရတာ ရှိမယ်။
- Mobile Development ကို ခြေစုံပစ်ဝင်လိုက်ပြီး Apple Developer တရားဝင်ဖြစ်တာ လည်း ရှိမယ်။
- UI/UX Designer, Backend Developer, Frontend Developer နဲ့ Mobile Developer ဆိုပြီး အင်္ဂါအစုံအလင်နဲ့ Team သေးသေးလေးတစ်ခု ဖွဲ့ပြီး အလုပ်စလုပ်ဖြစ်တယ်။
ဒီလောက်ပါပဲ။ ဘာရယ်မဟုတ်ဘူး အချိန် သုံးနှစ်ဟာ ဒီလိုပဲ မျက်စိတစ်မှိတ်အတွင်း ကုန်သွားတာကို တွေးမိရင်း သြ ဘဝ ဆိုတာလည်း ဘာတစ်ခုမှ ရေရာ သေချာတာ မရှိပါလားပေါ့ အနိစ္စတွေ ဒုက္ခတွေ အနတ္တတွေကို ပုတီးမစိတ်ပဲ နှလုံးသွင်းရပါရဲ့။