ဘာလို့ ပရောဂျက်တွေ မပြီးလဲ (သို့မဟုတ်) ကိုယ့်ပေါင်ကိုယ်လှန်ထောင်းခြင်း
ဘာလို့ ပရောဂျက်တွေ မပြီးလဲ (သို့မဟုတ်) ကိုယ့်ပေါင်ကိုယ်လှန်ထောင်းခြင်း
ကျွန်တော် တို့ လုပ်ခဲ့သမျှ အလုပ်တွေမှာ ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက်ပြီးသွားတယ်ဆိုတာမျိုးမရှိဘူး။ Client နဲ့ ဆက်ဆံရေးပျက်သွားတာနဲ့၊ ပရောဂျက်ရပ်သွားတာနဲ့ နောက်ဆုံး Refund ပြန်လုပ်လိုက်ရတာနဲ့ စသည်ဖြင့် အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ပြီး အဆုံးသတ်သွားကြတယ်။
ဇာက်လမ်းက ဒီလိုစတယ်။ Client က “o”လုံးလောက် ရေးတက်ရင် ရပါပြီဆိုပြီး သူ့ရဲ့ requirement ကို ဆွေးနွေးတယ်။ ဒါနဲ့ Developer ဘက်က “ထ” ဆင်ထူး ရော မပါဘူးလားလို့ မေးရင် ဟာ ပါရမှာပေါ့လို့ ပြောတယ်။ အိုကေပေါ့ ဒါနဲ့ (၂) ဉီးနှစ်ဘက် အကျေအလည်ဆွေးနွေးပြီး တစ်ဘက်ကို တစ်ဘက် နားလည်မှု ရပြီလို့ ထင်လိုက်ကြတယ်။
ဒီမှာ စျေးကတော့ “၀”လုံးစျေး။ ပရောဂျက်ကတော့ “ထ”ဆင်ထူး အထိ ရေးပေးရမယ်။ Client ဘက်ကလည်း အချိုအချောင်ပေါ့။ ဒီကောင်တွေ “ဝ”လုံးစျေး ပေးပြီး “ထ”ဆင်ထူးအထိ ရေးခိုင်းရမယ်လို့ ကြိတ်တွေးထားတယ်။ ဒါပေမယ့် သူတကယ်လိုနေတာက “က”ကြီးကနေ “အ”အထိ ဗျည်းသရတွေ အကုန်ဖြစ်ကောင်းလည်း ဖြစ်နိုင်တယ်။ သူကိုယ်တိုင်တောင်မှ သိချင်မှ သိမယ်။
Developer ဘက်ကလည်း သြ “ဝ”လုံးလောက် ရေးရတာများ တစ်ရက်တည်းနဲ့ အပြီးရေးတောင်ရတယ်။ သူတောင်းဆိုတဲ့ “ထ”ဆင်ထူးဆိုတာကလည်း ကော်ပီပေ့ လိုက်ရင် ရပြီ ဆိုပြီး ခပ်ပေါ့ပေါ့ပဲ တွေးထားတယ်။
ဒါနဲ့ သတ်မှတ်တိုင်း အချိန်ပြည့်လို့ Working Demo ထွက်လာတယ်။ အဲ့ဒီမှာ “ထ”ဆင်ထူးက “ထ”ဆင်ထူးနဲ့ မတူပဲ “တ” လိုမျိုး ဖြစ်နေတယ်။ ဒါပေမယ့်လည်း Client က လက်ခံတယ်။ တစ်ခုပဲ တောင်းဆိုတယ်။ “တ”ဝင်းပူတောင် ရသေးတာပဲ။ “က”ကြီးရော ရနိုင်မလားပေါ့။ Client အနေနဲ့ နဂိုကတည်းက “က”ကြီးကနေ “အ”အထိ လိုချင်တာလည်း ဖြစ်နိုင်တယ်။ ဒါမှ မဟုတ် အခု Demo ကိုကြည့်ပြီးမှ အမြင်တွေရလာပြီး ထပ်လိုချင်တာလည်း ဖြစ်နိုင်တယ်။ ဒီအထိလည်း နှစ်ဉီးနှစ်ဘက် အဆင်ပြေသေးတယ်။ အကုန်လုံးက ဆင်တူရိုးမှားတွေကိုး။ အဲ့မှာ “ဝ”လုံးကစလိုက်တာ “ထ”ဆင်ထူး၊ “တ”ဝင်းပူ၊ “က”ကြီး အထိ ရောက်လာတယ်။ ဒါနဲ့ အဆင်ပြေသွားပြီလားဆိုတော့ မပြေသေးဘူး။ တကယ့်လက်တွေ့မှာ ဒီစကားလုံးလောက်နဲ့ သုံးလို့မရသေးဘူး။ ဒီတော့ ခင်ဗျားတို့ ပေးတဲ့ ဟာတွေက သုံးစားမရဘူးဆိုပြီး feedback တွေစရလာတယ်။ Developer တွေဘက်ကလည်း ခင်ဗျားပြောတဲ့အတိုင်း အကုန်ရေးပေးထားတာပဲ ဘာကိစ္စသုံးမရတာလဲပေါ့။ နောက်ထပ် ဗျည်းတွေလိုချင်ရင် အချိန်နဲ့ငွေ ထပ်ပေးမှရမယ်ဆိုပြီး စတောင်းဆိုလာတယ်။ Client ဘက်ကလည်း သူက “ဝ” လုံးရရင် ဗျည်း(၃၃) လုံးလုံး ရမယ်ထင်လို့ ရေးခိုင်းတာပေါ့ အခုတော့ နောက်ထပ် သုံးလေးလုံးပဲ ရေးရသေးတယ် အလုပ်က မဖြစ်ချင်တော့ဘူး ပိုက်ဆံလည်းထပ်မပေးနိုင်ဘူး အချိန်လည်း ထပ်မပေးနိုင်ဘး ဘာညာသာရကာဆိုပြီး တကယ်ကို နှစ်ဘက်ကြားမှာ Bad Blood ဖြစ်လာတယ်။
နှစ်ဘက်လုံးက မတန်ဘူးလို့ ထင်လာကြတယ်။ Client ဘက်ကလည်း ဒါလေးထပ်တောင်းဆိုတာကို ဒီလောက်အများကြီးထပ်တောင်းရသလားပေါ့။ Developer ဘက်ကလည်း ငှက်ပျောသီးကျွေးရင် မျောက်တွေပဲ လာမယ်ပေါ့။
Bad Blood ဆိုတာနဲ့ ဒီအခြေအနေတွေထဲက တစ်ခု ဖြစ်လာတယ်။ တစ်ချို့ Client တွေက refund ပြန်တောင်းတယ်။ တစ်ချို့ Client တွေက ဒီဘဝ ဒီအမျှပဲ ရှိပါစေတော့ ဆိုပြီး Project ကို ရပ်ခိုင်းလိုက်တယ်။ Developer တွေဘက်ကလည်း အကြောင်းမပြန်တော့ပဲ အဲ့ Project ကို ပစ်ထားလိုက်ကြတာမျိုး။ ဒါမှ မဟုတ် (၂) ဉီး (၂) ဘက် တစ်လ နေမှ တစ်ခါလောက် စကားပြောပြီး ဘာ Progress မှ မရှိတော့တဲ့ ပရောဂျက်ကို မြွေမသေ တုတ်မကျိုး ထားလိုက်ကြတာမျိုး။
ဘာပဲဖြစ်ဖြစ် တစ်ခုမှ မကောင်းပါဘူး။
လူ အချင်းချင်းကြားမှာ အဖွဲ့အစည်း (၂) ခုကြားမှာ ဒါမျိုး ဆက်ဆံရေးမကောင်းတာတွေ ဖြစ်တာက အဘက်ဘက်က နစ်နာပါတယ်။ Client ဘက်ကလည်း ရှင်းပြပြောပြ၊ ငွေကြေးစိုက်ထုတ်ရ နဲ့ နောက်ဆုံး သုံးစားမရတဲ့ စနစ်ကြီးတစ်ခု ရလာပြီး အချိန်ကုန် လူပန်း စိတ်ဆင်းရဲပေါ့။ Developer တွေဘက်ကလည်း မီတင်တွေအကြိမ်ကြိမ်လုပ်၊ Team ထဲမှာ ငြင်းကြခုန်ကြ အချိန်နဲ့ ကာယ ဉာဏ်ဏ စိုက်ထုတ်မှုတွေ Professional Skill Set တွေ သုံးခဲ့ကြပေမယ့် နောက်ဆုံးတော့ လက်တွေ့ လုပ်ငန်းခွင်မှာ သုံးမရပါဘူး ဆိုတဲ့ feedback တစ်ခွန်းနဲ့ Refund ပြန်လုပ်ပြီး လုပ်ခဲ့သမျှ သဲထဲရေသွန်။
ဒီလို ကိစ္စမျိုးက တစ်ခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ်။ ကျွန်တော် တို့ Developer အနေနဲ့ စပြီးအလုပ်လုပ်လာတဲ့ (၃) နှစ်အတွင်းမှာ 90 ရာခိုင်နှုန်းသော Client တွေနဲ့ ဒါမျိုးတွေချည်း ကြုံရတယ်။ ဒီတော့ ဒါဟာ Client အမှားမဟုတ်ဘဲ ကိုယ့်ဘက်က အမှားဆိုတာ သိသာလာတယ်။ ဒါနဲ့ ဒီလို ကိစ္စမျိုးကို ဘယ်လို ကာကွယ်ကြမလဲ။ အလုပ်တစ်ခုကို ပြီးမြောက်အောင် လုပ်နိုင်ဖို့ ဘာတွေလိုမလဲ? ဒီမေးခွန်းကို ကိုထိန်လင်းရွှေ(SaturnGod)၊ ဆရာအိမောင် စတဲ့ ဒီနယ်ပယ်ထဲက ဆရာသမားတွေရဲ့ talk တွေ လိုက်နားထောင်၊ ရေးထားတဲ့ စာတွေဖတ်၊ လူကိုယ်တိုယ်သွားမေး စတာတွေလုပ်ပြီး အဖြေရှာရတယ်။ ဒါတွေကိုတော့ နောက်တစ်ပိုင်းမှာ ဆက်ရေးပါဉီးမယ်။