ငြူစူစောင်းမြောင်းခြင်းအလေ့ရှိကုန်သော

https://minthayt.com/archives/2400

လူတစ်ယောက်ချင်းစီမှာ အလင်း ကိုယ်စီ ရှိတယ်။ တချို့က ကြည်တယ်၊ တချို့က ရှင်းတယ်၊ တချို့က ခပ်မှိန် မှိန်ပဲ၊ တချို့က အရောင်ကို မရှိဘူး၊ ညစ်နွမ်းနွမ်းနဲ့။ လူတစ်ယောက်မှာ ကိုယ်ရောင်ကိုယ်ဝါဆိုတာ ရှိသတဲ့။ လုတစ်ယောက်ရဲ့ ကိုယ်ရောင်ကိုယ်ဝါဆိုတာ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးအပေါ် မူတည်ပြီး အလင်း အမှောင်ရှိတာ ပဲ။ ဒါဆိုရင် ကိုယ်ရည်ကိုယ်သွေးကိုရော ဘယ်လို အရာက ပြဋ္ဌာန်းပါသလဲ။

လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို အဲသည့်လူရဲ့ စိတ်နေသဘောထားက ပြဋ္ဌာန်းစီရင်ပါတယ်။ စိတ်နေ သဘောထားတွေ ကွာဟရင် ဘဝတွေ ကွာဟသွားကြတာပဲ။ စိတ်နေသဘောထားတွေ မတူညီရင် ဘဝတွေ မတူညီကြပါဘူး။ တချို့က ဆင်းရဲပေမယ့် မနွမ်းပါးဘူး။ တချို့က ချမ်းသာပေမယ့် အရောင်မထွက်ဘူး။ ဒါဟာ ဘာကို ပြသလဲဆိုရင် ကိုယ်ရောင်ကိုယ်ဝါဆိုတာကို ပြနေပါတယ်။ လူတစ်ဦးရဲ့ စိတ်နေသဘောထားမှာ ကရုဏာ စိတ်နဲ့ မုဒိတာစိတ် မရှိရင် အဲသည့်လူဟာ ဘယ်လောက်ချမ်းသာ ချမ်းသာ ကိုယ်ရောင်ကိုယ်ဝါ မထွက်ဘူး။ မှေး မှေး မှိန်မှိန်ပဲ။

တချို့လူတွေကို တွေ့ဖူးလိမ့်မယ်။ သူတို့ အကျင့်စရိုက်မှာ ငြူစူစောင်းမြောင်းတတ်တဲ့အကျင့်ကို တွေ့ရတတ် တယ်။ အထူးသဖြင့် သူတို့တတွေဟာ သိပ်အကောင်းကို ပြောလေ့မရှိဘူး။ အဆိုးကို ကွက်ပြီး ပြောလေ့ရှိ တယ်။ ငြူစူစောင်းမြောင်းခြင်းအလေ့ကို ယောက်ျားတွေမှာလည်း တွေ့နိုင်တယ်၊ မိန်းမတွေမှာလည်း တွေ့နိုင် တယ်၊ ယောက်ျားမဟုတ် မိန်းမမဟုတ်တွေမှာလည်း တွေ့နိုင်တယ်။ ငြူစူလေ့ရှိခြင်းဆိုတာဟာ လိင်အပေါ်မှာ မူတည်ပြီးဖြစ်တည်တာ မဟုတ်ဘူး။ လူတစ်ဦးချင်းစီရဲ့ ဗီဇဓာတ်ခံနဲ့ ဆိုင်တယ်။ ဓာတ်ခံအညံ့မှာ၊ ငြူစူစောင်း မြောင်းတဲ့ အလေ့အထုံကို ခပ်များများတွေ့ရတတ်တယ်။

သူတို့ကို ကြည့်လိုက်ရင် —

သူ့တို့ထက် သာသွားမှာ၊ သူတို့ထက် တော်သွားမှာ၊ သူတို့ထက် ကျော်ကြားသွားမှာ၊ သူတို့ထက် လူရာဝင်မှာ၊ သူတို့ထက် လူတောတိုးမှာ၊ သူတို့ထက် ထူးချွန်သွားမှာ၊ သူတို့ထက် တိုးတက်ကြီးပွားသွားမှာကို အလိုမရှိဘူး။ ဒီနေ့ခေတ် နေ့စဉ်လိုလို အချိန်တိုင်း နေရာတိုင်း ကဏ္ဍတိုင်းမှာ ငြူစူစောင်းမြောင်းနေတဲ့သူတွေကို တွေ့နေရ တယ်။ အတင်းပြောသလိုလို၊ ဝေဖန်သလိုလို၊ ကဲ့ရဲ့ သလိုလို၊ ရှုတ်ချသလိုလိုနဲ့ အပြစ်ကို ဖိပြီး ပြစ်တင်မောင်းမဲ ပြောဆိုနေတာတွေကို ခပ်များများတွေ့နေရတယ်။

ငြူစူစောင်းမြောင်းတတ်တဲ့အကျင့်ဟာ ဘယ်ကနေ လာသလဲ။ ဣဿာ ၊ မစ္ဆရိယ စိတ်ကနေ အရင်းခံပြီး လာတယ်လို့ ပြောနိုင်ပါလိမ့်မယ်။ ဣဿာ ၊ မစ္ဆရိယစိတ်ရှိသူဟာ ငြူစူတတ်တယ်၊ စောင်းမြောင်းတတ် တယ်။ သူတို့ဟာ မုဒိတာ မပွားနိုင်ဘူး။ မုဒိတာ မပွားနိုင်သူတွေ ဖြစ်တယ်။ လူတစ်ဦးတစ်ယောက်ကို ဖျက် လို ဖျက်ဆီး စိတ်ဓာတ်နဲ့ ကြည့်တတ်မြင်တတ်တယ်။ ဖြစ်တာထက် ပျက်တာကို ပိုမြင်စေချင်တယ်။ တိုးတက်ကြီးပွားတာ ထက် ကျရှုံးသွားတာကိုပဲ မြင်လိုတယ်။ ဒါကို သူတို့စိတ်ထဲက ဣဿာ ၊ မစ္ဆရိယ စိတ်က အမြဲ နှိုးဆော်နေတယ်။

ဣဿာ ၊ မစ္ဆရိယ စိတ်ကို မနာလို ဝန်တိုစိတ် လို့ ပြောတယ်။ ဣဿာ ၊ မစ္ဆရိယစိတ်ရှိသူဟာ —

သူတစ်ပါးကို အကောင်းမပြောနိုင်ဘူး၊ သူတစ်ပါး ကြီးပွားတာကို အလိုမရှိဘူး၊ သူတစ်ပါးကို အသိအမှတ်ပြုလိုစိတ် အားနည်းတယ်၊ သူတစ်ပါး တိုးတက်တာကို မမြင်ချင်ဘူး၊ သူတစ်ပါး အောင်မြင်တာကို မကြည့်လိုဘူး၊ သူတစ်ပါးရဲ့ စွမ်းရည်ကို မနာလို မရှု့စိတ် အမြဲဖြစ်တယ်။ ဒါဟာ အကုသိုလ်စိတ်နဲ့ ယှဉ်တဲ့ စိတ်နေသဘောထားတွေ ချည်းပဲ။

ဒီနေ့ခေတ်မှာ အသက်ကြီးကြီး ငယ်ငယ် ငြူစူစောင်းမြောင်းတတ်တဲ့အလေ့အကျင့်ကို‌ တွေ့နေရတယ်။ နေရာ အတော်များများမှာတွေ့နေရတယ်။ ညီးညူငြူစူပြီး ပုတ်ခတ် စောင်းမြောင်း ပြောတတ်တဲ့သူတွေရဲ့ လေသံကို နားထောင်ကြည့်ပါ၊ ဒီနေ့ခတ်ကတော့ အွန်လိုင်းပေါ်တက်ပြီး ရေးတာပေါ့။ တချို့လည်း ပြောပါတယ်။ ဒီလို လူတွေကိုကြည့်ရင် အပုပ်စိတ်ရှိသူတွေဖြစ်တယ်ဆိုတာ တွေ့ရတယ်။ သူတို့ဓာတ်ခံမှာ အဖြစ်စိတ် မတွေ့ရဘူး။ အပျက်စိတ်ပဲတွေ့ရတယ်။ သူတို့ မျက်နှာထားတွေကို သတိထားကြည့်ရင်လည်း မကြည်ဘူး၊ ရွှင်ပျပျ မဖြစ်ဘူး။ ကောက်နေတဲ့ မျက်နှာမျိုးတွေ၊ မဲ့နေတဲ့ မျက်နှာမျိုးတွေတွေ့ရတတ်တယ်။

တကယ်တော့ မျက်နှာမြင် ချစ်ခင်ပါစေဆိုတာ – ရုပ်ဆိုးခြင်း ၊ ရုပ်လှခြင်းနဲ့ မဆိုင်ပါဘူး။ မျက်နှာထားမှာ အကြည်ဓာတ်ကိန်းဝပ်နေခြင်းနဲ့ သက်ဆိုင်တယ်။ ဒီလို အကြည်ဓာတ်ဟာလည်း လူ့ရဲ့စိတ်နေစိတ်ထားနဲ့ အဓိက သက်ဆိုင်နေတယ်။ ဣဿာ ၊ မစ္ဆရိယစိတ် အားကြီးသူဟာ ဘယ်တော့မှ ကိုယ်ရည်ကိုယ်သွေးကောင်းမွန် တဲ့သူ ဖြစ်မလာဘူး။

မင်းသေ့

ည ၁၁း၀၀

၇ ၊ စက်တင်ဘာ၊ ၂၀၂၂။

Written on May 11, 2023