စာအုပ်တွေ ထုတ်ဝေနေရခြင်း အကြောင်း

https://minthayt.com/archives/2397

ကျနော်ဟာ ဘယ်ကိစ္စ ဘယ်အရာကို လုပ်လုပ်၊ ပြောပြော အကြောင်းအကျိုးကို အမြဲတမ်းလိုလို စဉ်းစားလေ့ရှိ တယ်။ အမြဲတမ်း စဉ်းစားတယ်လို့ ရေးရင် ယုတ္တိမတန်မှာ စိုးလို့၊ “…လေ့ရှိတယ်” ဆိုတဲ့ အသုံးကိုပဲ သုံးပါတယ်။ မိတ်ဆွေ တချို့က ပြောတယ်၊ ခင်ဗျား ဘာ့ကြောင့် စာအုပ်တွေ စွတ်ထုတ်ဖို့ ကြိုးစားနေရသလဲ။ စာအုပ်တွေ ထုတ်တာ ကြီးပွားချမ်းသာနိုင်လို့လား။

စာအုပ်တွေ ထုတ်တာ မကြီးပွားမချမ်းသာနိုင်ပါဘူး။ အထူးသဖြင့် မြန်မာပြည်လို နိုင်ငံမျိုးမှာ မကြီးပွားနိုင်ဘူး၊ မချမ်းသာနိုင်ဘူး၊ လူကြိုက်နည်းတဲ့စာတွေ ရေးသူအဖို့ သူထုတ်တဲ့ စာအုပ်တွေကနေ ငွေကြေးအားဖြင့် မြောက်မြောက်မြားမြား မျှော်လင့်နိုင်ဖို့ ခဲယဉ်းနိုင်ပါလိမ့်မယ်။ အထူးသဖြင့် ကျနော့်အတွက် ပို၍ ခက်ခဲပါတယ်။ ငွေကြေးအားဖြင့် များများစားစား မမျှော်လင့်နိုင်ပါ၊ အဆင်မသင့်ရင် ငွေခေါင်းကွဲပြီး အရှုံးပေါ်နိုင်တဲ့ အလုပ်ကို ကျနော် ယုံကြည်ချက်နဲ့ လုပ်ပါတယ်။ ငွေကြေးအားဖြင့် သိပ်မမျှော်လင့်နိုင်သော်လည်း ကျနော် စာတွေ အမြဲရေး၊ စာအုပ်တွေ ထုတ်ဖို့ အမြဲ လုံ့လ ထုတ်ပါတယ်။ ကျနော်ဟာ ကြောင်းကျိုးဆင်ခြင်မှုနဲ့ ဒီစာပေအလုပ် ကို လုပ်နေပါတယ်။ ၎င်းအကြောင်းတရားတွေဟာ အခုလို….။

(၁) လူ့အသက်မှာ အကန့်အသတ် ရှိတယ်

လူ့အသက်မှာ အကန့်အသတ် ရှိပါတယ်။ ကျနော် အသက် (၆၀) မှာ သေမလား၊ အသက် (၇၀) (၈၀) ကျမှ သေမလား၊ ဒါမှ မဟုတ် မနက်ဖြန် သဘက်ခါ သေမလား။ ကျနော် မသိပါ။ ကျနော် လုံးဝ မသိနိုင်ပါ။ လူ့သက် တမ်းဟာ အကန့်အသတ်နဲ့ ဖြစ်ပါတယ်။ ကျနော့်ရဲ့ အသက်ကလည်း အကန့်အသတ်နဲ့ ဖြစ်ပါတယ်။ နောင် ၂၀၅၀ ခုနှစ်လောက်ဆိုရင် ကျနော် ရှိချင်မှ ရှိတော့မှာ။ နောင် ၂၀၇၀ ခုနှစ်လောက်ဆို ကျနော် ရှိဖို့ သိပ်မသေချာတော့ ဘူး။ ကျနော့် အသက်ဟာ အကန့်အသတ်ရှိပါတယ်။ ဒါပေမယ့် ကျနော် လူ့အဖွဲ့အစည်းအတွက် အလုပ်တွေကို အကန့်အသတ်ဘောင်ကို ချဲ့ပြီး လုပ်နိုင်ခဲ့ချင်တယ်။ အထူးသဖြင့် ကျနော်တွေးခေါ်၊ မြော်မြင်၊ သိမြင်၊ နားလည်၊ တွေ့ရှိထားတဲ့ အသိနဲ့ ဒဿနနဲ့ သဘောထားတွေကို ကျနော့်အသက် အကန့်အသတ်ဘောင်ကို ကျော်ပြီး ကျနော် ဖြန့်ချိထားခဲ့ချင်တယ်။ အဲသည့်စိတ်နဲ့ ကျနော် စာအုပ်တွေကို ထုတ်ပါတယ်။

ကျနော် သေသွားရင် အလွန်ဆုံး (၇) ရက် ၊ (၁) ပတ်ပဲ ဒီခန္ဓာပုပ်ကို လူမြင်ကောင်းအောင် ထားသိုထားကြမှာ။ နောက် ကျနော့်ကို မီးသင်္ဂြိုလ်မယ်၊ ထို့နောက် ပြာဖြစ်မယ်၊ ဂူသွင်းမြှုပ်နှံရင်လည်း မြေဆီအဖြစ် ကမ္ဘာမြေကြီး ကို ကျေးဇူးပြုလိုက်ပေါ့။ ဒါပါပဲ။ ကျနော်ဟာ ပြီးသွားပါပြီ။ သို့သော်လည်း ကျနော် ထုတ်ဝေခဲ့တဲ့ စာအုပ်တွေက တော့ ပျော့ဖတ်စက်ရုံထဲ၊ ကြိတ်ဖတ်စက်ရုံထဲက ပျော့ဖတ်အဖြစ် ကြိတ်ချေ မခံရသေးသရွေ့၊ လူ့အဖွဲ့အစည်းရဲ့ ထောင့်တစ်နေရာရာမှာ အလုပ်တွေ လုပ်နေလိမ့်မယ်။ စကားတွေ ပြောနေလိမ့်မယ်၊ အတွေးတွေ ဖြန့်ချိနေလိမ့် မယ်။

(၂) စာအုပ်တွေထဲ မြှုပ်နှံထားသို ဖြန့်ချိထားတဲ့ အသိဒဿနတွေကို တော်ရုံနဲ့ ကန့်သတ်ပိတ်ပင် တားဆီး ဟန့်တားလို့ မရ၊ လုံးဝ မရ

အစိုးရတစ်ရပ်ရပ်၊ အဖွဲ့အစည်းတစ်ခုခု၊ လူအုပ်ကြီးတစ်အုပ်စုက — လူထုအကြားမှာ ပျံ့နှံ့တည်ရှိနေတဲ့ ကျနော် ပုံနှိပ်ထုတ်ဝေထားတဲ့ စာအုပ်တွေကို ရှုတ်ချကန့်ကွက်ပြီး မီးမရှို့ပစ်သေးသရွေ့ ကျနော် ရှာဖွေတွေ့ရှိခဲ့တဲ့ အသိ အမြင်၊ ဒဿနနဲ့ သဘောထားအမြင်တွေကို ကျနော်ဟာ စာအုပ်တွေကနေ တစ်ဆင့် ဖြန့်ချိ ကျေးဇူးပြုခွင့်ရနေ ပါလိမ့်မယ်။

အာဏာရှင်အဆက်ဆက် နဲ့ ယုတ်မာညစ်ထေးသူတွေဟာ ကျနော့် ခေါင်းထဲက အသိအမြင်နဲ့ အတွေးအခေါ် ဒဿနတွေကို လူအများထံ ကျယ်ကျယ်ပြန့်ပြန့် ရောက်မသွားအောင် ပိတ်ပင်နိုင်တယ်၊ တားဆီးနိုင်တယ်၊ ကန့်သတ်နိုင်တယ်။ ဒါပေမယ့် ကျနော် ပြန့်နှံ့အောင် ဖြန့်ချိထုတ်ဝေထားပြီးတဲ့ စာအုပ်တွေထဲက အသိအမြင်၊ အတွေးအခေါ်၊ အိုင်ဒီယာဒဿနတွေကိုတော့ အလုံးစုံ ချေမှုန်းကန့်သတ်ပစ်လို့ မရနိုင်ဘူး။ အဲဒါဟာ ခက်တယ်၊ သိပ်ခက်တယ်။ စာအုပ်တွေထဲ မြှုပ်နှံထားသို ဖြန့်ချိထားတဲ့ အသိဒဿနတွေကို တော်ရုံနဲ့ ကန့်သတ်ပိတ်ပင် တားဆီး ဟန့်တားလို့ မရ၊ လုံးဝ မရ။

စာအုပ်တစ်အုပ်ချင်းစီဟာ — စာရေးဆရာရဲ့ တမန်တော် တစ်ပါးစီပဲ။ သူတို့ဟာ အလုပ်လုပ်ပုံချင်းတော့ တူချင် မှ တူလိမ့်မယ်။ စာရေးဆရာ စေလွှတ်တဲ့ တမန်တော်ရဲ့ သတ္တိဟာ၊ စာဖတ်သူရဲ့ အတွေးဓာတ်ခံ အတိမ်အနက် အပေါ်လိုက်ပြီးတော့ စကားပြောလိမ့်မယ်။ စာအုပ်တွေထဲမှာ မူရင်း အနှစ်သာရဟာ မပျောက်မပျက် ရှိနေလိမ့် မယ်။ တချိန်မှာ ဒါတွေ ဖြစ်ခဲ့တာပဲ၊ တချိန်မှာ ဒါတွေ ရှိခဲ့တာပဲ၊ တချိန်မှာ ဒါတွေ တွေးခေါ်ခဲ့တာပဲ၊ တချိန်မှာ ဒါတွေ ကြိုပြောခဲ့၊ ကြိုသိခဲ့တာပဲ၊ တချိန်မှာ ဒါတွေ လုပ်ခဲ့တာပဲ၊ တချိန်မှာ ဒါတွေ မှားခဲ့၊ ဒါတွေ မှန်ခဲ့တာပဲ၊ တချိန်မှာ ဒါတွေ ကြိုးစားခဲ့တာပဲ…. စတာတွေကို စာအုပ်တွေထဲမှာ မြှုပ်နှံထားသိုနိုင်တယ်။ စာအုပ်တွေဟာ အစုလိုက်အပြုံလိုက် ရှိနေတာထက် ပျံ့နှံ့တည်ရှိနေတာ ကောင်းတယ်။ တောကြိုအုံကြားမှာလည်း ရှိချင် ရှိမယ်၊ ချောင်ကြိုချောင်ကြားမှာလည်း ရှိချင် ရှိနေလိမ့်မယ်။ ဒါပေမယ့် စာအုပ်ထဲက အနှစ်အသားတွေကို သိနားလည် ချင်တဲ့၊ ရှာဖွေစူးစမ်းသူနဲ့ တွေ့တဲ့ အခါ သူတို့ဟာ အလုပ်လုပ်လိမ့်မယ်။

(၃) ပုံနှိပ်ထားတဲ့စာအုပ်ဟာ နှစ်ပေါင်းရာချီ အသက်ရှည်နိုင်တယ်

အွန်းလိုင်းက ယာယီသဘောဖြစ်တယ်။ အွန်လိုင်းက လတ်တလောသုံးဖို့ ဖြစ်တယ်။ နှစ်ပေါင်း ရာနဲ့ချီ တည်တံ့ နိုင်ဖို့အတွက်ဆိုရင် စက္ကူပေါ်မှာ ပုံနှိပ်ထားခြင်းဖြင့် ရှည်ကြာတည်တံ့နိုင်လိမ့်မယ်။ အသိတွေနဲ့ ဒဿနတွေကို စက္ကူနဲ့ ပုံနှိပ်ထားသို မြှုပ်နှံခြင်း စီမံကိန်းကြီးပေါ့။ ဒီစီမံကိန်းဟာ လက်တွေ့ ချက်ချင်း လက်ငင်း အကျိုးပေးချင် မှ ပေးလိမ့်မယ်။ သူ့ရဲ့ အကျိုးပေးမှုနှုန်းကို တိုင်းတာပြဖို့ ခက်တယ်၊ အကျိုးပေး ကျယ်ပြန့်မယ်လို့ ပြောလို့ မရ သလို၊ လုံးဝ အကျိုးမပေးဘူးလို့လည်း တရားသေ တစ်ထစ်ချ ပုံသေပြောဖို့ ခက်လှတယ်။ အကြောင်းကတော့၊ စက္ကူပေါ်မှာ ထားသို ပုံနှိပ်ထားတဲ့ စာတွေမှာ သူ့ ဓာတ်သတ္တိနဲ့ သူ ရှိနေတယ်။ တကယ်တော့ စာအုပ်တွေက လူ မသိ သူမသိ အလုပ်လုပ်နေတာပဲ။ စာအုပ်တွေကို ဖန်တီးစီရင်ထားတဲ့ လူတွေရဲ့ အားထုတ်မှုဟာ မသေးငယ်ဘူး။ စာအုပ်ဟာ အွန်လိုင်းစခရင်လောက် ချက်ချင်းလက်ငင်း ပျံ့နှံ့နှုန်း မကျယ်ပြန့်နိုင်ပါဘူး။ ဒါပေမယ့် တဖြည်းဖြည်း ချင်း တစိမ့်စိမ့်ချင်း တသွင်သွင်နဲ့ ကျေးဇူးပြုနေနိုင်စွမ်း ရှိတယ်။

စာအုပ်ဟာ သွားနှုန်းနှေးပေမယ့် ရပ်တန့်သွားရိုး ထုံးစံ မရှိဘူး။ စဉ်ဆက်မပြတ် ခရီးသွားနေတယ်။ စာအုပ်တွေရဲ့ ခရီးနှင်မှုကို ခြေရာကောက်နိုင်ဖို့ ခက်သလို၊ သူတို့ ဘယ်အချိန်မှာ ခရီးဆုံးမလဲဆိုတာလည်း ပြောရခက်တယ်။ တချို့ စာအုပ်တွေဟာ နှစ်ပေါင်းရာနဲ့ချီ သွားလာနေတာ၊ အခုထိ မရပ်တန့်သေးဘူး။ စာအုပ်တွေဟာ ခရီးရှည်ကြီး ကို သွားနိုင်ဖို့ ရာထောင်ချီ သက်တမ်းရှိတဲ့ အသက်ကို ရထားတယ်။

(၄) စာအုပ်တွေဟာ နေရာမရွေ့ စိမ့်ဝင်ပျံ့နှံ့နိုင်စွမ်း ရှိတယ်

စာအုပ်ဟာ လျှပ်စစ်မီးမရှိတဲ့နေရာမှာလည်း အလုပ်လုပ်နိုင်တယ်။ ဒါ့ကြောင့် စာရေးဆရာဟာ လျှပ်စစ်မီးမရှိတဲ့ နေရာမှာလည်း အလုပ်လုပ်ပေးနေတယ်ဆိုတဲ့ သဘော။ စာအုပ်ဟာ လူအများကြားထဲ ပျံ့နှံ့ရောက်ရှိနိုင်တယ်။ စာအုပ်ဟာ သေနတ် မဟုတ်ဘူး၊ စာအုပ်ဟာ ဓား မဟုတ်ဘူး၊ စာအုပ်ဟာ မကောင်းဆိုးဝါး မဟုတ်ဘူး။ ဒါ့ကြောင့် ရန်သူဆီကိုလည်း ရောက်မယ်၊ မိတ်ဆွေဆီ ကိုလည်း ရောက်မယ်၊ ရန်သူ မဟုတ် မိတ်ဆွေ မဟုတ်တွေဆီကိုလည်း ရောက်မယ်။ ကိုယ်သိတဲ့သူတွေဆီလည်း ရောက်မယ်၊ ကိုယ်မသိတဲ့သူတွေဆီလည်း ရောက်မယ်။ စာအုပ်ရဲ့ ကျေးဇူးပြုနိုင်မှု နှုန်းကို ပုံသေ တွက်ချက်နိုင်ဖို့ ခဲယဉ်းသလို၊ ခန့်မှန်းတွက်ချက်နိုင်ဖို့လည်း ခဲယဉ်းလှတယ်။

စာအုပ်တစ်အုပ်ဟာ စာကြည့်တိုက်ထဲမှာတင် ရှိတာ မဟုတ်ဘူး။ စာအုပ်ဟာ မီးဖိုချောင်ထဲမှာလည်း ရှိနိုင်တယ်။ စာသင်ခန်းထဲမှာလည်း ရှိနိုင်တယ်။ အလုပ်ရုံထဲမှာလည်း ရှိနိုင်တယ်၊ ရုံးခန်းထဲမှာလည်း ရှိနိုင်တယ်၊ အိမ်မှာလည်း ရှိနိုင်တယ်၊ ဘုန်းကြီးကျောင်းမှာလည်း ရှိနိုင်တယ်၊ စားသောက်ဆိုင်ထဲမှာလည်း ရှိနိုင်တယ်၊ အိပ်ယာနံဘေးမှာလည်း ရှိနိုင်တယ်၊ တောရွာထဲမှာလည်း ရှိနိုင်တယ်၊ မြို့ပြမှာလည်း ရှိနိုင်တယ်၊ ကျွန်းပေါ်မှာ လည်း ရှိနိုင်တယ်၊ တောင်ပေါ်မှာလည်း ရှိနိုင်တယ်၊ ကျောပိုးအိတ်ထဲမှာလည်း ရှိနိုင်တယ်၊ နန်းတော်ထဲမှာလည်း ရှိနိုင်တယ်၊ စစ်တန်းလျားမှာလည်း ရှိနိုင်တယ်၊ ထောင်ထဲမှာလည်း ရှိနိုင်တယ်။ စာအုပ်ဟာ နေရာတိုင်းလိုလို ရှိနိုင်တယ်။

ခင်ဗျားလက်ထဲမှာ သေနတ်တစ်လက်ရှိတာ သိရင် ခင်ဗျားနံဘေးက လူက စိုးရိမ်ကောင်း စိုးရိမ်နေလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားလက်ထဲမှာ စာအုပ်တစ်အုပ်ရှိတာ သိရင် သူ့ နံဘေးက လူက ဘာမှ စိုးရိမ်ထိတ်လန့်ဖြစ်မှာ မဟုတ်ဘူး၊ သက်သောင့်သက်သာ ဖြစ်နေလိမ့်မယ်။ စာအုပ်တွေက သူ့ကို အန္တရာယ်မပေးဘူးဆိုတာ သူ သတိတယ်။ ဒါ့ကြောင့် သေနတ်ကိုင်ထားတဲ့သူကို အဝင်မခံပေမယ့်၊ စာအုပ်ကိုင်ထားတဲ့သူကိုတော့ ဂရုတောင် ပြုမိမယ် မထင်ဘူး။ စာအုပ်တွေက အန္တရာယ်ပေးမှာ မဟုတ်ဘူး၊ ဒါ့ကြောင့် သူတို့က နေရာစုံ ရောက်နိုင်တယ်လေ။

မင်းသေ့

နံနက် ၁း၅၄

၈ ၊ စက်တင်ဘာ၊ ၂၀၂၂။

Written on May 11, 2023