← All writing

howto

Cause and Effect

· Aung Ko Man

Notebook and fountain pen for planning and reflection
Illustrative photo by Niko Nieminen on Unsplash.

အကြောင်းအကျိုး ဆက်စပ်မှုများ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်ပြီး မကောင်းတာလုပ်ရင် မကောင်းတာဖြစ်သလား လောကကြီးက ဒီလောက်ရိုးရိုးရှင်းရှင်းလည်ပတ်နေတာ မဟုတ်တော့ ဒီလို အဆိုပြုချက် တစ်ခုလေးနဲ့ မှန်၏ မှား၏ ဆုံးဖြတ်ဖို့ ခက်ပါတယ်။ ငါ‌ ကောင်းတာတွေလုပ်နေတာပဲ ဘာလို့ ဒုက္ခတွေ များနေရလဲ။ သူတို့ကျ ကြည့်ပါဦး မကောင်းတဲ့ အလုပ်တွေနဲ့ ကြီးပွားချမ်းသာနေလိုက်ကြတာ။ Lil’Z ရဲ့ Fall in Love သီချင်းမှာလည်း “မကောင်းတာလုပ်ရင် ကောင်းတာဖြစ်၊ နှစ်ပင်လိမ်တဲ့ ခေါင်းဟာ လစ်” ဆိုပြီး ပါလာတာ ကြားဖူးကြမှာပါ။ ဆိုတော့ ပြောနေကျ ကောင်းတာလုပ် ကောင်းတာဖြစ် မကောင်းတာလုပ် မကောင်းတာဖြစ်ဆိုတာက ဟုတ်ရော ဟုတ်ပါ့မလားပေါ့။ ဒါမျိုးတွေးဖြစ်ကြမယ်။ ဥပမာ အနေနဲ့ ဖေ့ဘွတ်မှာ လိုက်ခ် လိုက်တဲ့အကြောင်း။ဖေ့ဘွတ်မှာ လိုက်ခ် (Like / Reaction) ကတော့ လူတိုင်း လုပ်တက်တာပေါ့။ ဒါပေမယ့် လိုက်ခ် လုပ်လိုက်တဲ့ စက္ကန့်လေး အတွင်းမှာ ဘာတွေ ဖြစ်သွားလဲ သိဖို့က ခက်တယ်။ ဟ လိုက်ခ် လုပ်လိုက်ရင် တစ်ဘက်လူစီမှာ ဘယ်သူက ဘယ်ပို့ကို လိုက်ခ် လုပ်သွားပါတယ်လို့ ပေါ်မှာပေါ့ ဘာများ ထူးခြား ဆန်းပြားတာများ ပါလို့လဲ လို့ တွေးစရာ ရှိတယ်။ မထင်နဲ့ ဘဒို လောကကြီးမှာ ဘယ်အရာမှ ရိုးရှင်းတယ်ဆိုတာ မရှိဘူး။ အကြမ်းဖျဉ်းပြောရရင် အခု ခင်ဗျားဖုန်းကနေ Like လုပ်လိုက်ပြီ ဆိုတာနဲ့ ဖေ့ဘွတ်အက်ပ်ကနေ သက်ဆိုင်ရာ ဆာဗာကို ဒီ သတင်းအချက်အလက် လှမ်းပို့ပေးတယ်။ ဘယ်သူက ဘယ်သူ့ပို့စ်ကို လိုက်ခ် လုပ်သွားပါပြီပေါ့။ ဆာဗာကနေမှ ပို့စ်ပိုင်ရှင်ရဲ့ ဖုန်းထဲက ဖေ့ဘွတ်အက်ပ်ကို တဆင့်ပြန်ပြီး လှမ်းပြောပေးရတယ်။ ဒီလို လှမ်းပြောကြတဲ့ အခါမှာလည်း စက်အချင်းချင်း နားလည်တဲ့ ဘာသာစကားတွေ သုံးပြီး ပြောရတယ်။ အကုန်လုံး နီးပါးက HTTP နဲ့ WS Protocol အပေါ် အ‌ခြေခံထားပြီး REST / SOAP / GraphQL စတဲ့ API ပုံစံတွေ သုံးရတယ်။ဒါတွေအကုန်လုံးကလည်း စက္ကန့်ပိုင်းအတွင်းဖြစ်သွားတာ။ ဒီတစ်ပိုဒ်လုံးကို ခင်ဗျားသာ ပရိုဂရမ်းမင်းနယ်ပယ်က မဟုတ်ရင် တစ်လုံးမှ နားလည်မှာ မဟုတ်ဘူး။ အက်ပ် ၊ ဆာဗာ ၊ ပရိုတိုကော ၊ အေပီအိုင် ဒါတွေဟာ မမြင်ရပေမယ့် တကယ်ရှိနေပြီး သာမန်လူ နားလည်ဖို့ ခက်တဲ့ ရှုပ်ထွေးတဲ့ နည်းလမ်းတွေနဲ့ နောက်ကွယ်က အလုပ်လုပ်ပေးနေကြပါတယ်။ တစ်ခါတစ်လေ ကြားထဲက ဆာဗာကျနေတာပဲ ဖြစ်ဖြစ် တစ်လုံးနဲ့ တစ်လုံး အဆက်အသွယ် ပျက်တောက်သွားလို့ပဲ ဖြစ်ဖြစ် ခင်‌ဗျားက လိုက်ခ် လုပ်လိုက်ပေမယ့် တစ်ခြားလူစီမှာ ပေါ်ချင်မှ ပေါ်တော့မယ်။ ပြန်ဆက်ရရင် ဖေ့ဘွတ်မှာ လိုက်ခ် လုပ်တဲ့လုပ်ငန်းစဉ်ကိုတောင် နားလည်ရခက်နေရင် ကောင်းတာလုပ်ပြီး ဘာလို့လို့ အဆိုးတွေ ဖြစ်နေရလဲ ဆိုတာကို အကြောင်းအကျိုး ဆက်စပ်ပြီး နားလည်ဖို့ရာပိုခက်တာပေါ့။ လောကကြီးက ဘယ်လိုပရိုတိုကော တွေနဲ့ လည်ပတ်နေလဲ ဘယ်သူသိနိုင်မလဲ…။ Goblin ဇာက်လမ်းတွဲထဲက Round and Round ဆိုတဲ့ ဇာက်ဝင်တေးလိုပဲ Sometimes we’re standing by, The things we never understand, As we go on our own way ဆိုပါတော့။