စိတ်ကူး အိုက်ဒီယာတွေကို ဘယ်လို အကောင်အထည်ဖော်မလဲ?

  • စိတ်ကူး အိုက်ဒီယာတွေကို ဘယ်လို အကောင်အထည်ဖော်မလဲ?

  • ကျွန်တော်တို့ အားလုံးလိုလိုမှာ ရွှေချထားချင်တဲ့ အိုက်ဒီယာ / စိတ်ကူး တွေ အများကြီး ရှိကြမှာပါ။ အဲ့ထဲက ဘယ်နှစ်ခုများ အကောင်အထည်ဖော်ဖြစ်ကြလဲ? ဒါကတော့ မေးခွန်းသတ်တာပေါ့ 😉
  • အကြံဉာဏ်တွေကတော့ အများကြီးပဲဗျ။ အကောင်အထည်မဖော်ဖြစ်တာပဲ ရှိတာ။ ကိုယ်ပိုင် အိုက်ဒီယာ(Idea) ကနေ ထုတ်ကုန်(Product) တစ်ခု ဖြစ်လာဖို့အတွက် အချိန် ကြိုးစားအားထုတ်မှုနဲ့ ငွေ လိုတယ်။
  • ဒီသုံးခုလုံး ရှိတောင် တိတိကျကျ ပလန်ချမထားရင် fail မှာပဲ။ ဆိုတော့ကာ ကိုယ့်မှာ အိုက်ဒီယာ တစ်ခုရှိပြီ အချိန် နဲ့ ငွေလည်းရှိပြီဆိုရင် ဘယ်ကစပြီး အကောင်အထည်ဖော်ကြမလဲ
  • အဆင့် (၁) ချရေးထားပါ
  • စိတ်ကူးတွေဟာ ချရေးမထားသမျှ စိတ်ထဲမှာပဲ ရှိနေမှာပါ။ ဒီတော့ ကိုယ့်ရဲ့ စိတ်ကူး အကြံဉာဏ်တွေကို စာရွက်ပေါ်မှာ ချရေးထားပါ။ ဉပမာ ကျွန်တော်နေတဲ့ မြို့အတွက် လမ်းညွှန် ( Directory ) မိုဘိုင်းအက်ပ်တစ်ခု လုပ်ချင်တယ်ဆိုပါစို့။ စာရွက်ပေါ်မှာ ဒီလို ချရေးထားမယ်။
  • Town X Directory
  • မြို့ကို လာလည်တဲ့သူတွေအနေနဲ့ မြို့မှာ ရှိတဲ့ လည်စရာ ပိတ်စရာ နေရာတွေ
    စားသောက်ဆိုင် နဲ့ အခြားဝန်ဆောင်မှုနေရာတွေကို
    အလွယ်တကူ ရှာဖွေကြည့်ရှုလို့ရမယ့် မိုဘိုင်းအက်ပ်။
  • အဆင့်(၂) ဆင်တူ အိုက်ဒီယာတွေ ရှိလား ရှာပါ
  • ကိုယ့်လိုမျိုး စိတ်ကူးထားတဲ့ သူတွေ ရှိလား။ သူတို့ ဘယ်လိုအကောင်အထည်ဖော်ကြလဲ? စျေးကွက်ကရော အဆင်ပြေလား။ ဒါတွေ လိုက်ပြီး ကြည့်ဖို့လိုမယ်။ မရှိဘူးဆိုရင် လူတွေ တကယ်ရော လိုကြရဲ့လား မညာမတာ ဆန်းစစ်ဖို့လိုမယ်။ တစ်ခါတစ်လေတော့ လူတွေ လိုတယ်လို့ မထင်ပေမယ့် လိုနေတာတွေလည်း ရှိကောင်းရှိရဲ့။ Ford ကားကုမ္မဏီ ပိုင်ရှင်လား မသိ ပြောတာရှိတယ်။​လူတွေ ဘာလိုချင်လဲ သွားမေးကြည့်ရင် ပိုမြန်တဲ့ မြင်း လိုချင်တယ်လို့ပဲ ပြောကြမှာတဲ့။ သူကတော့ မြင်းအစား ကားတွေ ထုတ်ရောင်းတယ်ပေါ့။ အခုလည်း Town X Connect နဲ့ တူတာ လိုက်ကြည့်တော့ Yellow Book လုပ်ထားတဲ့ Yangon Directory လုပ်ထားတာတွေတယ်။ လူတွေသုံးလား မသုံးလားတော့ သေချာမသိ နောက်ဆုံး Android Version မှာတော့ သုံးမရဘူး။ ဒါနဲ့ ကိုယ့် idea ကို valid ဖြစ်တယ်လို့ သတ်မှတ်လိုက်ကြမယ်။
  • အဆင့် ( ၃ ) ငွေဘယ်လိုရှာမလဲ
  • ကျွန်တော်က ငွေမလိုဘူး အများပြည်သူ အကျိုးရှိဖို့အတွက် ပရဟိတ လုပ်တာပါ ဆိုရင်တော့ တစ်မျိုး။ မဟုတ်ရင်တော့ ဒီ ထုတ်ကုန်ကနေ ငွေဘယ်လို ပြန်ရှာမလဲဆိုတာ ကြိုစဉ်းစားထားသင့်တယ်။ အသုံးများတဲ့ ငွေရှာနည်းတွေကတော့ ကြော်ငြာထည့်တာ နဲ့ အသုံးပြုခ ကောက်တာမျိုး။
  • အခုကျွန်တော်တို့ Town X Connect မှာတော့ Google က လုပ်တဲ့ စီးပွားရေးပုံစံအတိုင်း ဒဲ့ကူးချပြီး Town X Connect မှာ တစ်ခုခုရှာလိုက်တိုင်း ပထမဆုံး result နေရာမှာ ကျွန်တော်တို့ကို ပိုက်ဆံပေးထားတဲ့ ဆိုင် / ဆားဗစ် ကို ပြပေးမယ်ပေါ့။ ဒါမျိုးကြံထားလိုက်မယ်။
  • အိုကေ စိတ်ကူးထဲမှာတော့ App က သုံးတဲ့သူတွေ အများကြီး စပွန်ဆာလာပေးတဲ့ နယ်ခံဆိုင်တွေ လုပ်ငန်းတွေကလည်း တန်းစီနေပြီ။
  • အဆင့် (၄) အကျိုးအမြတ် တွက်
  • ROI(Return on Investment) ကို (၃) နှစ်စာလောက် တွက်နိုင်ရင် အဆင်ပြေတယ်။ ကျွန်တော်တို့ရဲ့ Town X Connect အတွက် တစ်နှစ်ကို ဆယ်သိန်း နဲ့ သုံးနှစ်စာ သိန်း (၃၀) အရင်းထားလိုက်မယ်။ နောက် တစ်နှစ်ကို သိန်း (၃၀) လောက် ရအောင် ကြံရမယ်။ တစ်လက ဒီ App ကနေ (၃) သိန်းဝင်ဖို့ ဘာလုပ်ကြမလဲ? ဒီ app မှာ ကြော်ညာချင်တဲ့ နယ်ခံလုပ်ငန်းရှင် (၁၀) ယောက်ကို တစ်လ (၃) သောင်းလောက် ကောက်ရင် အဆင်ပြေမလား။ မပြေလို့မရဘူး ဒီလောက်တော့ အနည်းဆုံးရှိမှ App က ရပ်တည်လို့ရမှာဆိုတော့ ဒီ Target KPI ပြည့်အောင် သေချာ မားကတ်တင်းဆင်းပေါ့။ အိုကေ အခုဆို သုံးနှစ်စာ သိန်းသုံးဆယ်ရင်းလို့ သိန်းတစ်ရာနီးပါးပြန်ရမှာဆိုတော့ တွက်ရေးက စက်သူဌေး ဖြစ်နေပြီ။ လက်တွေ့ စလုပ်လုပ်ကြစို့။
  • အဆင့်(၅) ဆော့ဝဲရေးပါ
  • လူတိုင်းကတော့ ဆော့ဝဲဘယ်ရေးတက်မလဲ။ ဒီတော့ ရေးတက်တဲ့ အဖွဲ့ကို အပ်ကြတာပေါ့။ ဆော့ဝဲရေးတဲ့ ကုမ္မဏီတွေ ရှိတယ်။ နောက် ဖရီးလန့် အလွတ်တန်းရေးကြတဲ့ အဖွဲ့တွေလည်းရှိတယ်။ တစ်ကိုယ်တော် အစအဆုံးကိုင်တဲ့ ကိုယ်တော်တွေလည်း ရှိတယ်။ ကိုယ့် ဘက်ဂျက်အပေါ်မူတည်ပြီး ေရွးကြတာေပါ့။ အဓိကကတော့ ဂျင်းမမိဖို့ပဲ။ ဆော့ဝဲဂျင်းတွေအကြောင်း နောက်မှ ရေးပါဉီးမယ်။
  • အဆင့် (၆) မားကတ်တင်း
  • ဆော့ဝဲကတော့ ရေးပြီး ပလေးစတိုးနဲ့ အက်ပဲစတိုး ပေါ် ရောက်လာပြီ။ သုံးတဲ့သူက တစ်ယောက်မှ မရှိဆိုရင်လည်း မဖြစ်သေးဘူး။ ဒီတော့ ဒီ အက်ပ်ရှိတဲ့အကြောင်း မားကတ်တင်းဆင်းဖို့ လိုလာပြီ။ ကိုယ်တိုင် မဆင်းတက်လည်း ဒီမှာ ဒစ်ဂျစ်တယ်မားကတ်တင်း အေဂျင်စီတွေ မိုုလိုပေါက်နေတာပဲ။ မဂျင်းတဲ့ တစ်ခုကို ရွေးပြီး အပ်လိုက်လည်း ရတယ်။ ကိုယ်တိုင် စာအရှည်ကြီးတွေ ရေးပြီး ကွန်တန့်မားကတ်တင်း လုပ်လည်း အဆင်ပြေရဲ့၊ ဒါမှမဟုတ် ခရီးသွားဘလော့ဂါတွေကို ကိုယ့်မြို့ရောက်ရင် ဒီ Town X Connect လေး သုံးပြပေးပါဉီးလို့ လိုက်မိတ်ဆက်ပေါ့။ မားကတ်တင်းကလည်း ကျယ်ပြန့်တော့ ကိုယ်အားသန်ရာ ပုံစံနဲ့ သွားလို့ရတယ်။
  • ဒါဆိုရင်တော့ လူလည်းဖြူခါပြာခါ ကျလုနီးပါး ဖြစ်သွားလောက်ပြီ၊ စိတ်ကူးထဲက အက်ပ်ကိုလည်း လူတွေ စသုံးပြီး လိုလားချက်အသစ်တွေ ထပ်ပေါင်းထည့်ချင်တဲ့ အိုင်ဒီယာ အသစ်တွေလည်း ပေါ်လာပြီ။ Error တွေ Bug တွေလည်း စတက်လာပြီ. ဒါဆိုရင် ဆော့ဝဲရေးတဲ့အဖွဲ့နဲ့ ပြန်ခေါင်းချင်းဆိုင်ပြီး Update ပေးရမယ်။ Update ပေးမယ်။ လူတွေကသုံးမယ်။ Feature Request တွေ Bug Report တွေ တက်လာမယ်။ ပြင်မယ်ဆင်မယ် update ပြန်ပေးမယ်။ ဒါနဲ့ပဲ real world product တစ်ခု စတင်လည်ပတ်လာမှာ ဖြစ်ပါတယ်။
Written on January 5, 2024