စင်တင်များနှင့် မန္တလေး

၁၉၅၈ခုနှစ် လောက်ကတည်းက တောင်ဘက် ကျုံးအတွင်း မြို့ရိုးနှင့် ကျုံးအကြား မြေကွက်လပ်မှာ လူထုအပန်းဖြေ ဥယျာဉ်ကြီး တစ်ခု ရှိခဲ့ဖူးသည်။ အရှေ့ဘက် မင်္ဂလာတံခါးမှသည် အနောက်ဘက် ၇၉လမ်း အထိ ရှည်လျားတာပေါ့။

ဥယျာဉ်ထဲမှာ ကလေးများအတွက် ကစားစရာတွေရှိသည်။ အနားယူ အပန်းဖြေစရာ အရိပ် အာဝါသရှိသည်။ မိုးပျံတံတား ဆိုတာလည်း ရှိသည်။ အခါကြီး ရက်ကြီးများ၌ ဖျော်ဖြေရန်အတွက် တီးဝိုင်း စင်မြင့်လည်း ရှိသည်။ အမှတ်တရ ဓာတ်ပုံရိုက်ကူးရန် ဓာတ်ပုံဆိုင်လည်း ရှိသည်။ ပြန်ကြားရေး စာကြည့်တိုက်လည်း ရှိသည်။ စားသောက်ဆိုင်တွေ ရှိသည်။ ထိုစဉ်က လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားများကို ကျုံးအတွင်း မန်းသီတာ ဥယျာဉ်မှာရော ကျုံးအနောက်ဘက် ကွင်းပြင်မှာရော ခုနစ်ရက်ခုနစ်လီ တခမ်းတနား ကျင်းပသည်။ ဒါက မန်းသီတာ ဥယျာဉ် ဖြစ်သည်။

၁၉၉၂ခုနှစ်ရောက်တော့ မန်းသီတာဥယျာဉ်၏ အနောက်ဘက် ၂၆ဘီလမ်းနှင့် လမ်း၈၀ထောင့် ကျုံးရေပြင်တွင် နေရာသစ်တစ်ခု ပေါ်လာသည်။ ညနေစောင်းသည်နှင့် မီးလုံးရောင်စုံများဖြင့် ရှုမညီး လှပနေသော ကျုံးထောင့် ရေပေါ်အပန်းဖြေစခန်းတွင် အပန်းဖြေလာသူများနှင့် ကျိတ်ကျိတ်တိုး စည်ကား နေသည်။ ဝင်ကြေးမှာ တစ်ယောက်လျှင် ၂ ကျပ်ပေးရ၏။ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီး ကြေးရုပ်ကြီး ကိုလည်း မီးအလှများ၊ မီးမောင်းကြီးများ ဖြင့် ထိုးထားသည်။ ကျုံးထောင့် ရေပေါ် အပန်းဖြေစခန်းနှင့်အတူ စားသောက် ဆိုင်လည်း ပူးတွဲ ဖွင့်လှစ်ထားသည်။ စားသောက်ဆိုင်မှာ ဘီယာ၊ အရက်များအပြင်ထိုစဉ်က စတင် ခေတ်စား နေသော ကာရာအိုကေ သီဆိုဖျော်ဖြေမှု အစီအစဉ်ကလည်း ပုရိသတို့ သည်းခြေခိုက်ခဲ့၏။

ခေတ်ဆန် ချောမောလှပသော မြန်မာအမျိုးသမီးငယ်လေးများက ဆန်းသစ်လွန်းသည့် အဝတ်အစားများဖြင့် ကာရာအိုကေ သီချင်းများကို သီဆို ဖျော်ဖြေကြသည်။ သစ်လုပ်ငန်း၊ ကျောက် စိမ်းလုပ်ငန်း၊ ကန်ထရိုက်လုပ်ငန်းများဖြင့် ငွေကိုရေလိုသာမက လေလိုပါ သုံးနိုင်သော ပဝတ်္တိသားတို့က ကာရာအိုကေ ခန်းမတွင် အံ့မခန်း သုံးစွဲ၊ ဆုချ ပန်းကုံးစွပ်ကြတာကိုပဲ မန္တလေးသူ၊ မန္တလေးသားတို့ ဝင်ကြေး ၂ ကျပ်ပေးကာ ကျုံးတွင်း တံတားငယ်လေးများပေါ်က မျှော်ကြည့်ရင်း အံ့အားသင့်ခဲ့ဖူးသည်။

ထိုကာလ အနောက်တောင် ကျုံးထောင့် ရေပေါ်ဥယျာဉ် စင်တင်မှ စလိုက်သည်မှာ ထိုစဉ်က လူသူ အသွားအလာ နည်းပါးသည့် သိပ္ပံလမ်းပေါ်မှာလည်း စင်တင်တေးဂီတနှင့် ဘီယာဆိုင်တွေ အပြိုင်းအရိုင်း ပေါ်လာသည်။ မြောက်ပြင် မြင်းပြိုင်ကွင်းအနီးက စင်တင်ကလည်း နာမည်ကြီးလာသည်။ ထို့အတူ မျက်ပါးရပ် စစ်တပ်ဝင်း အနောက်ပေါက်က စင်တင်၊ အရှေ့ကျုံးထောင့် ၂၄လမ်းက စင်တင်၊ ဘူတာကြီးအနောက်ဘက် ၇၉လမ်းပေါ်က စင်တင်သာမက မြို့လယ်ခေါင် ဈေးချိုအပေါ်ထပ် တိုက်တန်းကြီး အပေါ်ထပ်စင်တင်၊ ကျောက်သွေးတန်းက စင်တင်တွေလည်း ထင်ရှားသည်။

ထိုစင်တင်များတွင် လူငယ်ကြိုက် ဆိုသော်ငြား ထိုစဉ်ကာလ ဝင်ငွေကောင်းသော အရောင်းအဝယ်သမား၊ ကျောက်သမား၊ ကိုယ်ပိုင်ကျောင်းပိုင်ရှင် ကိုယ်ပိုင်ကျောင်းဆရာများက အများဆုံးဓာတ်ကျသည်။ သူတို့က ခေတ်ပေါ်လည်း ရသည်။ မြန်မာသံလည်းရသည်။ ထိုစင်တင်များ မြန်မာသံအဆိုတော်များ၏ အမာခံပရိသတ်က လူငယ်များမဟုတ်ဘဲ ပိုက်ဆံဝါလား လူကြီးများဖြစ်သည်။ စင်တင်များမှာက ကိုယ်ကြိုက်သည့် အဆိုတော်ကို ကိုယ်ကြိုက်သည့် သီချင်းတွေ တောင်းဆိုပြီး ပန်းကုံးဆုချကြခြင်း ဖြစ်၏။ ကျွန်တော်တို့ ငှားနေသည့် အခန်းဝန်းကျင်က မြန်မာသံဝိုင်းများကတော့ ဤသို့မဟုတ်။ ထိုမြန်မာသံ တီးဝိုင်းများပါရှိသည့် ဆိုင်များက ကြီးကြီးမားမားတော့ မဟုတ်။

ပိုင်ရှင် ကိုယ်တိုင်က မြန်မာသံဝါသနာရှင်၊ မြန်မာသံ အဆိုတော်ဖြစ်ကြသည်။ သူတို့ဝိုင်း စန္ဒရားဆရာကအစ ပင်တိုင်အဆိုတော် ၂ဦး ၃ဦးက ပညာရှင်များ ဖြစ်သည်။ ထိုတီးဝိုင်းများ၏ အမာခံပရိသတ်က အရာရှိများ လုပ်ငန်းရှင်များ ဖြစ်သည်။ သူတို့က ကိုယ်တိုင် သီဆိုကြသူများဖြစ်သည်။ စုံတွဲ သီချင်းကိုတော့ တီးဝိုင်းက အမျိုးသမီးအဆိုတော်များနှင့် သီဆိုကြသည်။ ထိုတီးဝိုင်းတွေမှာ ပင်တိုင်အဆိုတော်က ထိုအမာခံပရိသတ်ပဲ ဖြစ်သည်။ သီချင်းဆိုရင်း၊ စားသောက် အပန်းဖြေရင်း၊ အဆိုတော် အမျိုးသမီးများနှင့် စုံတွဲ သီဆိုရင်း၊ စိတ်ထွက်ပေါက် ရှာကြခြင်း ဖြစ်သည်။

ထို အမျိုးသမီး အဆိုတော်များက အရွယ်ကောင်း အဆိုကောင်း ရုပ်ရည်ပြေပြစ်ကြကာ များသောအားဖြင့် အိမ်ထောင်သည်များ ဖြစ်ကြသည်။ အချို့အဆိုတော်မလေးများက ခင်ပွန်းသည်မှာ တီးဝိုင်းက စန္ဒရားဆရာလည်း ဖြစ်နေသည်။ ဖီးလိမ်း ပြင်ဆင်ကာ လာနေကျ ဖောက်သည်ကြီးနှင့် ငယ်ကျွမ်းဆွေလိုက်၊ နှစ်ကိုယ်တူ ချစ်သမျှလိုက်၊ သက်ဝေလိုက်၊ ရုန်းတော် လွှတ်တော်လိုက်၊ ထမင်းကြော်ပန်းကန် အတူနှိုက်လိုက်နှင့် ည ၁၁နာရီ ဆိုင်အပိတ်တွင် ဆုချငွေကို ပိုက်ဆံအိတ်ထဲ ထည့်ပြီး ဇနီးမောင်နှံ၂ယောက်သား သန်းခေါင်မတိုင်မီ လူပြတ်နေသော လမ်းမပေါ် စက်ဘီးလေးတစ်စီးနှင့် နွမ်းနယ်စွာ အိမ်ပြန်ကြသော မြင်ကွင်းကား မန္တလေး၏ ပွဲခင်းကန့်လန့်ကာပိတ် ဝတ္ထုများ ဖြစ်ခဲ့၏။

ထိုဝိုင်းများတွင် အမျိုးသမီး ပင်တိုင်ပရိသတ်များလည်း ရှိသည်။ သူတို့က ရှေ့နေ၊ ဆရာဝန်၊ ရတနာကုန်သည်၊ အဆိုတော်ဟောင်းများ ဖြစ်ကြသည်။ ခပ်ချောချော အရွယ်ရှိ အဆိုတော်ဟောင်းက အတူလာနေကျ ဆောက်လုပ်ရေး ကန်ထရိုက်တာနှင့် ဆိုင်၏ ချောင်ကျကျ အမှောင်ရိပ်ကျ စားပွဲမှာ ထိုင်သည်။ သူတို့က သူများ အလှည့်တွေ ပြီးမှ အေးဆေးစွာဖြင့် သူတို့ ဆိုနေကျသီချင်းကိုဆိုသည်။ အဆိုတော်ဟောင်း အမျိုးသမီး က မာမာအေးသီချင်းတွေ အပိုင်ပေါ့။ မေ့ကွက်ကိုရှာ၊ မောင့် အချစ်မြှား၊ ပိတောက်လမ်း၊ နှစ်ကံပြိုင်ဖူးစာ စသည့်သီချင်းများကို ပိုင်နိုင်စွာ သီဆိုသည်။ ကန်ထရိုက်တာက တွံ့တေးသိန်းတန် အပိုင်ဖြစ်၏ တွံ့တေးသိန်းတန် သီချင်းများသီဆိုလျှင် သူက အပိတ်အဖြစ် အသီးတစ်ရာ အညှာတစ်ခုကို အမြဲသီဆိုသည်။ အသက် ၄၀ ရှေ့နေ အမျိုးသမီးကတော့ မေရှင် သီချင်းများ အပိုင် ဖြစ်သည်။ ထို့ကြောင့် မြန်မာသံ တီးဝိုင်းနှင့် ဆိုင်များကလည်း သိုသိုသိပ်သိပ် ဣန္ဒြေရရနှင့် သူ့ပင်တိုင် ပရိသတ်နှင့်သူ အလုပ်ဖြစ်ကြသည်။ တစ်ခါတရံ အပြင်လူအတွက်ပင် နေရာမရှိတော့။

Written on March 26, 2024