Project Quotation for Men Spa booking app

(၂၀၃၀) ခုနှစ်အတွက် အေအိုင် ခန့်မှန်းချက် (၃) ခု

၁။ နေ့စဉ်ဘဝ မှာ အေအိုင်သုံးဖြစ်လာမယ်

တစ်ကမ္ဘာလုံးက အေအိုင် အေအိုင် လို့ ပြောနေကြပေမယ့် သာမန်လူ တစ်ယောက် နေ့စဉ် ဘဝမှာ အေအိုင်ကို သုံးတာ သိပ်မရှိ။

အလွန်ဆုံး သုံးလှ

  • Chat GPT
  • Google Bard / Gemini
  • Microsoft CoPilot

ဒီလောက်ပဲ သုံးကြတယ်။

၂၀၃၀ ခုနှစ် မှာဆိုရင်တော့

  • Personal Assistant ( like Hey Google, Hey Siri, Hey Alex)
  • ကိုယ်ပိုင် ကျူရှင်ဆရာ
  • ကိုယ်ပိုင် စာရင်းကိုင်
  • ကိုယ်ပိုင် ရှေ့နေ

စသည်ဖြင့် နေရာတိုင်းမှာ အေအိုင်ကို သုံးလာနိုင်မယ်။

လုပ်ဖော် ကိုင်ဖက်တွေက အေအိုင်တွေ ဖြစ်လာမယ်။

တစ်ချို့ကတော့ အေအိုင်တွေနဲ့ အတူတွဲလုပ်နိုင်မယ် တစ်ချို့ကတော့ လုပ်ဖို့ ငြင်းကြလိမ့်မယ်

Ernest Hemingway ပြောသလိုပဲ “Gradually, then suddenly”

တဖြည်းဖြည်း အစားထိုးလာရင်းနဲ့ နောက်ပိုင်းကျ ရုတ်တရက် ကိုယ့်အနားမှာ အေအိုင်တွေချည်း ဖြစ်လာမယ်။

လူတွေလုပ်နိုင်တဲ့ အလုပ်တွေကို အေအိုင်တွေက

  • ပို စျေးသက်သက်သာသာနဲ့ လုပ်မယ်
  • ပိုမြန်မယ်
  • ပိုပြီး တိကျ မှန်ကန်မယ်

ဒီတော့ အလုပ်တော်တော်များများမှ အေအိုင်နဲ့ အစားထိုးဖို့က နီးလာပြီ ပြောရမယ်။

၂။ လူသားစက်ရုပ် တစ်ထောင်ကျော် စပြီး သုံးလာနိုင်

လက်ရှိမှာ အေအိုင်အကုန်လုံးက ဒစ်ဂျစ်တယ် ကမ္ဘာမှာပဲ သုံးလို့ရပါတယ်။ Chat GPT လို Generative AI တွေဟာ တစ်ကမ္ဘာလုံးက အချက်အလက်တွေကို သိပြီး ကြိုက်တဲ့ ခေါင်းစဉ်မေး ဖြေနိုင်လာတယ်။ ဓာတ်ပုံတွေ ဗီဒီယိုတွေ ပြန်ထုတ်ပေးနိုင်တဲ့ အေအိုင်တွေလည်း ပေါ်လာတယ်။ တစ်ခုပဲ အခုထိ အေအိုင်တွေ ထုတ်ပေးတာက ဒစ်ဂျစ်တယ် product တွေ ဖြစ်နေတုန်းပဲ။ စာ၊ ပုံ နဲ့ ဗီဒီယို အစရှိသဖြင့်ပေါ့။

တကယ်လို့ ရုပ်ဝတ္ထုပစ္စည်းတွေကိုပါ ထုတ်လုပ်လိုက်နာ၊ ကိုင်တွယ် အသုံးချလာနိုင်ရင် ဘယ်နှဲ့နေမလဲ? စက်ရုပ်တွေကို သုံးနေတာတော့ အချိန်ကြာပါပြီ။ ဒါပေမယ့် စက်ရုပ်ဆိုတာက အလုပ်တစ်ခုကို ထပ်ခါတစ်လဲလဲ လုပ်နိုင်အောင် ပရိုဂရမ်ရေးထားတာမျိုး။

ဉပမာ ၈ိုထောင်ထဲက ပစ္စည်းတွေကို ရွှေ့ပေးတာမျိုး။ အိမ်ထဲမှာ ဖုန်လိုက်စုပ်ပေးတာမျိုး။

ဒီ စက်ရုပ်တွေမှာသာ Chat GPT လို Intelligence ရှိလာပြီး မေးချင်တာမေး ခိုင်းချင်တာ ခိုင်းလို့ရရင် ဘယ်လို နေမလဲ?

စက်မှုခေတ်ကနေ ကွန်ပျူတာခေတ်ကို ခုန်ကူးခဲ့ကြသလိုမျိုး လက်မှု ကနေ စက်မှု ခေတ်ကို ခုန်ကူးခဲ့ကြသလိုမျိုး အခု ကွန်ပျူတာခေတ်ကနေ အေအိုင်ခေတ်ကို ခုန်ကူးဖို့ အချိန်သိပ်မလိုတော့ဘူး။

အေအိုင်တွေ လူနဲ့ဘယ်လောက်တူလဲဆိုတာကို စမ်းသပ်တဲ့ နည်းတစ်ခုရှိတယ်။ ကွန်ပျူတာတွေရဲ့ ဖခင်ကြီး ( may be မိခင်ကြီး၊ သူက homo ) Alan Turing ရဲ့ နည်း။ စမ်းသပ်နည်းကို “Turing Test” လို ခေါ်တယ်။

အခန်းရဲ့ တစ်ဖက်မှာ လူတစ်ယောက် ရှိမယ်၊ နောက်တစ်ခန်းမှာ AI ရှိမယ်ပေါ့။ သူတို့ နှစ်ယောက် စကားပြောရင်း လူ ကနေ သူနဲ့ပြောနေတဲ့သူဟာ AI လား တကယ့်လူလားဆိုတာကို မခွဲခြားနိုင်တော့ဘူးဆိုရင် ဒီ အေအိုင်ကို လူ intel ရှိတဲ့ အေအိုင်လို့ သတ်မှတ်တယ်။

ကွန်ပျူတာတွေရဲ့ ခေတ်ဉီးပိုင်း 1940 လောက်မှာက ကွန်ပျူတာ ဆိုတာ အမျိုးမျိုး ရှိတယ်။

  • ဒုံးကျည်တွေရဲ့ လမ်းကြောင်းကို ကြိုတင်ခန့်မှန်းဖို့ ကွန်ပျူတာ တစ်မျိုး
  • ရန်သူရဲ့ ဝှက်စာတွေကို ဖော်ထုတ်ဖို့ ကွန်ပျူတာ တစ်မျိုး
  • ဂဏန်းပေါင်းစက် အတွက် ကွန်ပျူတာ တစ်မျိုး

ဒါပေမယ့် 1950 လောက်က စပြီး အထွေထွေသုံးလို့ရတဲ့ ကွန်ပျူတာတွေ ပေါ်လာတယ်။ ဒီ အထွေထွေ သုံးလို့ရတဲ့ ကွန်ပျူတာတွေကြောင့် ဒီနေ့ခတ်မှာ ကွန်ပျူတာဆိုတာ နေရာတိုင်းမှာ သုံးတဲ့ပစ္စည်းတစ်မျိုး ဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်ကို ကြည့်မယ်ဆိုရင်လည်း ဖုန်း၊ ကင်မရာ၊ အသံဖမ်းစက်၊ MP3 Player, GPS Navigator, Ebook Reader, Gaming Device, Flashlight, Compass စတဲ့ Physical Device တွေကို အကုန်ပေါင်းပြီး မိုဘိုင်းဖုန်း ဆို စထုတ်လာကြတယ်။ အခုဆိုရင် မိုဘိုင်းဖုန်း မရှိတဲ့သူဆိုတာ မရှိသလောက် ရှားလာပြီ။

ထို့အတူပဲ အခုခေတ် AI တွေဟာ တစ်သီးတစ်ခြားစီ ရပ်တည်နေကြတယ်။ စာရေးပေးတဲ့ အေအိုင်၊ ပုံဆွဲပေးတဲ့ အေအိုင်၊ ရုပ်ရှင်ရိုက်ပေးတဲ့ အေအိုင်၊ ဘာသာပြန်ပေးတဲ့ အေအိုင်။ ဒါပေမယ့် မကြာမီ ကာလအတွင်းမှာ အေအိုင်တွေလည်း တစ်ခုတည်း အနေနဲ့ ပေါင်းပြီး ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝထဲကို တဖြည်းဖြည်း ချဉ်းကပ်ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။

ဒီလိုပဲ စက်ရုပ်လောကမှာလည်း တစ်ခုတည်း လုပ်နိုင်တဲ့ စက်ရုပ်တွေ အစား အစုံသုပ်နိင်တဲ့ စက်ရုပ်တွေဟာ မဝေးတော့တဲ့ အနာဂတ်မှာ ရှိလာတော့မှာ ဖြစ်ပါတယ်။

စွယ်စုံသုံး စက်ရုပ်ဆိုတာ ဘယ်လိုများ ဖြစ်မလဲ?

  • အိမ်သန့်ရှင်းရေး လုပ်ပေးတဲ့ စက်ရုပ်
  • ကလေးထိမ်းပေးမယ့် စက်ရုပ်
  • ချက်ပြုတ်လျှော်ဖွတ်ပေးမယ့် စက်ရုပ်

ဒီလိုမျိုး လူတွေရဲ့ အလုပ်တွေကို အစုံလိုက်လုပ်ပေးနိုင်မယ့် စက်ရုပ်ဆိုတာ ဘယ်လိုပုံစံဖြစ်မလဲ?

အဖြေကတော့ ရှင်းရှင်းလေးပါ။ “လူတူ စက်ရုပ်” ပါပဲ။

လက်ရှိ စက်ရုပ်တွေက စက်တွေနဲ့ တူပေမယ့် အနာဂတ်မှာ စွယ်စုံခိုင်းလို့ရတဲ့ စက်ရုပ်တွေကတော့ လူတွေရဲ့ ပုံစံအတိုင်း ဖြစ်ပါလိမ့်မယ်။

ကျွန်တော်တို့ ကမ္ဘာကြီးကို လူတွေက တည်ဆောက်ထားတာပါ။ ကျောင်း၊ အိမ်၊ ဆေးရုံ ဒါတွေ အကုန်လုံးဟာ လူတွေနဲ့ ကိုက်ပြီး တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် လူတွေကို ကူညီနိုင်မယ့် ဘက်စုံသုံး စက်ရုပ်တွေဟာလည်း လူပုံသဏန်ရှိမှသာ နေရာအစုံကို ဝင်ထွက်သွားလာဖို့ အဆင်ပြေမှာ ဖြစ်ပါတယ်။ လူပုံစံနဲ့ မဟုတ်တဲ့ စက်ရုပ်တွေအဖို့ လူတွေနဲ့ အနီးကပ်နေပြီး ကူညီဖို့ အဆင်ပြေမှာ မဟုတ်ပါဘူး။

အီလွန်မက် ရဲ့ Tesla ကုမ္မဏီဟာ လူတူစက်ရုပ်တွေကို တီထွင်နေတာ အတော်ကြာနေပြီ ဖြစ်ပြီး လာမယ့်နှစ် ၂၀၂၅ ခုနှစ်မှာ ဖောက်သည်တွေဆီကို တင်ပို့ရောင်းချတော့မှာ ဖြစ်ပါတယ်။ အီလွန်မက် အနေနဲ့ကတော့ သူတို့ရဲ့ မောင်းသူမဲ့ Tesla ကားတွေထက် အခုထုတ်ပေးမယ့် Opitmus လို့ခေါ်တဲ့ လူတူစက်ရုပ်ကို ပိုပြီးအားရကြောင်း ပြောကြားထားပါတယ်။

တစ်ခြား Startup ကုမ္မဏီ သေးသေးလေးတွေကလည်း Nvidia, Microsoft, Open AI စတဲ့ ကုမ္မဏီတွေက ရင်းနှီးမြှပ်နှံမှုတွေကို တောင်းခံပြီး ကိုယ်ပိုင် လူတူစက်ရုပ် အပြိုင်အဆိုင် ထွင်နေကြပါတယ်။​

Figure ကုမ္မဏီ က ထုတ်ပြလိုက်တဲ့ ကော်ဖီဖျော်ပေးနိုင်တဲ့ စက်ရုပ်။ https://www.youtube.com/watch?v=Q5MKo7Idsok

၃။ အေအိုင်ကြောင့် အလုပ်ပြုတ်တဲ့သူများလာပြီး နိုင်ငံရေး နဲ့ လူမှုရေး ပြဿနာတွေ များလာမယ်

နည်းပညာနဲ့ အစားထိုးလိုက်လို့ အလုပ်ပြုတ်တဲ့ သတင်းတွေကတော့ အခုချိန်မှာ မကြားချင်မှ အဆုံးပါပဲ။ နေရာတိုင်းလိုလို ကွန်ပျူတာနဲ့ အစားထိုးလာကြပြီး လူသားဝန်ထမ်းအရေအတွက်ကို လျော့ချနေကြတာ မဆန်းတော့ပါဘူး။ လက်မှု ခေတ်ကနေ စက်မှုခေတ်ကို ပြောင်းတုန်းကလည်း ဒီအတိုင်းပါပဲ စက်နဲ့ယှဉ်တွဲပြီး မလုပ်နိုင်တဲ့ အလုပ်သမား အမြောက်အများ အလုပ်လက်မဲ့ ဖြစ်သွားကြတာပါပဲ။

အခု အေအိုင်ခေတ်မှာရော ဘယ်လိုလဲ? ခြွင်းချက်ဆိုတာ မရှိပါဘူး။ အေအိုင်ကြောင့် ပြုတ်သွားမယ့် အလုပ်တွေဆိုတာလည်း မနည်းမနောပါပဲ။ အခုလက်ရှိကတော့ သီအိုရီအရ တွက်ကြည့်လို့ပဲ​ရေသေးတာပါ။ တကယ် အေအိုင်ကို တွင်တွင်ကျယ်ကျယ်သုံးလာမှ သူ့ရဲ့ ရိုက်ခက်မှုကို သေချာ သိနိုင်မှာပါ။

ပြီးခဲ့တဲ့ လကပဲ Fintech ကုမ္မဏီ အကြီးစားကြီး တစ်ခုဖြစ်တဲ့ Klarna ( မြန်မာနိုင်ငံနဲ့ ကြည့်မယ်ဆိုရင် Kpay လိုမျိုး ၊ Klarna ကတော့ တစ်ကမ္ဘာလုံးကို ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္မဏီ အကြီးစား) က ကြေညာချက် တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ရဲ့ Call Center မှာ အေအိုင် စနစ် အသုံးပြုပြီး ဖောက်သည်တွေ မေးသမျှဖြေရှင်းပေးနေတာ ဝန်ထမ်း (၇၀၀) ၂၄နာရီ အလုပ်လုပ်တဲ့ အတိုင်း လုပ်နိုင်ပါသတဲ့။

နောက်ထပ် လာမယ့် နှစ်တွေမှာလည်း ကုမ္မဏီတွေဟာ သူတို့အတွက် အကျိုးအမြတ်များတဲ့ အေအိုင်စနစ်တွေ သုံးပြီး လူသားဝန်ထမ်း လိုအပ်ချက်ကို လျော့ချသွားကြမှာ ဖြစ်ပါတယ်။ ဒါဟာ လုပ်ငန်းနယ်ပိုင်းတိုင်းမှာ သက်ရောက်လာမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ကိုယ် ကျွန်တေ်ာတို့ ရိုးရိုးသားသား မေးကြည့်မယ်။ ဘာလို့ အေအိုင်တွေ တိုးတက်လာတာကို စိတ်လှုပ်ရှားနေကြတာလဲ? ဘာလို့လဲ? အေအိုင်တွေက စီးပွားရေးလုပ်ငန်းတွေ ပိုပြီး ဖွံဖြိုးတိုးတက်လာအောင် ကူညီနိုင်မယ်လို့ ယုံကြည်ကြလို့ ဖြစ်မယ် ထင်ပါတယ်။ မှန်ပါတယ် အေအိုင်တွေက ယနေ့ လက်ရှိ လူတွေထက်

  • ပိုပြီး စျေးသက်သာမယ်
  • ပိုမြန်မယ်
  • ပိုပြီး တိကျမယ်

တကယ်လို့ အေအိုင်တွေသာ ဒီကတိ သုံးခုကို တည်နိုင်ပြီဆိုရင် အခုလက်ရှိ လည်ပတ်နေတဲ့ လုပ်ငန်းတွေမှာ လူသားဝန်ထမ်းတွေ အခုလောက် အများကြီး လိုတော့မှာ မဟုတ်ပါဘူး။ အေအိုင်တွေဟာ လူတွေရဲ့ အလုပ်ကို လုယူလာပါလိမ့်မယ်။ နွားနဲ့ ထွန်ရက်နေတဲ့ လယ်သမားတွေ လယ်ထွန်စက် သုံးကြလို့ နွားရော လူရော အလုပ်ပျောက်သွားတယ်ဆိုပေမယ့် လယ်ထွန်စက်မောင်းတဲ့ အလုပ်သစ်တော့ ပေါ်လာသလိုပါပဲ။ အေအိုင်နဲ့ ပက်သက်တဲ့ အလုပ်အသစ်တွေလည်း ပေါ်လာမှာပါ။ ဒါပေမယ့် အရင်ကလောက်တော့ ပေါပေါများများ မဟုတ်တော့ဘူးပေါ့။

ဒီလို အလုပ်ပြုတ်တာတွေဟာ နိုင်ငံရေးသမားတွေနဲ့ ခေါင်းဆောင်တွေအတွက်လည်း အကြပ်အတည်း တစ်ခု စဖြစ်လာမှာပါ။ လူထုဆူပူအုံကြွမှုဆိုတာကလည်း မလွဲမသွေ ဖြစ်လာမယ့် ကိစ္စတွေပါပဲ။ အလုပ်အကိုင်မရှိတော့တဲ့ ပြည်သူလူထုဟာ လမ်းပေါ်ကို ရောက်လာမှာပါ။ သူတို့ ရွေးကောက်တင်မြှောက်ထားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို တစ်ခုခု ပြုပြင်ပြောင်းလဲပေးဖို့ လမ်းပေါ်ထွက် ဖိအားပေး တောင်းဆိုကြမှာ အမှန်ပါပဲ။ ဒီလိုအချိန်မှာ အခြေခံ ဝင်ငွေတစ်ခု ပြည်သူတွေအကုန်လုံးကို နိုင်ငံတော်က ပေးမယ် ဘာညာသာရကာ အဲ့သလို သီအိုရီ ရှိတဲ့ နိုင်ငံရေးပေါ်လစီတွေလည်း ပေါ်ထွက်ကောင်း ပေါ်ထွက်လာနိုင်မယ်။

ဘယ်လိုပဲ​ဖြစ်ဖြစ် လွယ်တဲ့လမ်းတော့ မဟုတ်ပါဘူး။ နိုင်ငံရေးပဏိပခ တွေ၊ လူမှုရေး အကြပ်အတည်းတွေ ကြားမှာ အေအိုင်ကို မကောင်းပြောမယ့် အဖွဲ့ကလည်း သတ်သတ်ရှိနေဉီးမှာပါ။ လက်ရှိ ၂၀၂၄ ရဲ့ နိုင်ငံရေး အခြေအနေကို ဆိုးလှပြီ ထင်နေလား? ပုဆိုးသာ မြဲမြဲဝတ်ထားပါ။ အေအိုင်ကြောင့်တက်မယ့် နိုင်ငံရေးပြဿနာဟာ လာတော့မှာ။

Written on June 19, 2024